ကမ်းခြေသွားပြီး နေလောင်ကာခရင်မ်တွေ သေချာမလိမ်းရင် နေလောင်တာ အရမ်းသိသာပါတယ်။ နေလောင်လာရင်လည်း ဒီတိုင်းမနေပဲ treatment တွေ ပြန်လုပ်ပေးသင့်ပါတယ်။ တချို့ကျတော့ ဆိုင်သွားပြီး ပေါင်းတင်တာမျိုးတွေ လုပ်ပေမယ့် တချို့ကျတော့ လုပ်ဖို့အဆင်မပြေပါဘူး။ ဒါကြောင့် ကမ်းခြေသွားပြီး နေလောင်လာတာကို အမြန်ပျောက်အောင် အိမ်မှာပဲ treatment လုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။
ရှားစောင်းလက်ပတ်
နေလောင်တာအတွက်တော့ အလွယ်ကူဆုံးနည်းလမ်းက ရှားစောင်းလက်ပတ်ကို သုံးတာပါပဲ။
လုပ်ရမယ့်နည်းလမ်းကတော့ ရှားစောင်းလက်ပတ်အပင်ရဲ့ အတွင်းသားဂျယ်လ်ကိုယူပြီး ချေပေးပါ။ ပြီးရင် ရေနဲ့ရောမွှေပြီး အေးခဲသွားအောင် ရေခဲသေတ္တာထဲ ထည့်ထားပါ။ ရေခဲတုံးလေးတွေဖြစ်သွားပြီဆိုမှ နေလောင်ထားတဲ့နေရာတွေမှာ ပွတ်ပေးပါ။
ဒီလိုလုပ်ပေးခြင်းက နေလောင်တာတွေ သိသိသာသာ သက်သာသွားစေပြီး အသားအရေအေးကာ နူးညံ့သွားစေပါတယ်။
ပျားရည်
နေလောင်ထားတဲ့နေရာကို ပျားရည်စစ်စစ်သာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ အချိန်ပြည့်မှ ရေချိုးချလိုက်ပါ။
ဒီနည်းလမ်းကတော့ နေလောင်ထားတာတွေကို သက်သာစေပြီး အသားအရေပျက်စီးလာတာတွေကိုပါ သက်သာစေပါတယ်။ အသားခြောက်သွေ့တာတွေလည်း သက်သာစေပါတယ်။
Black Tea
နေလောင်ထားတာက သိပ်မများဘူးဆိုရင် black tea အထုပ်လေးတွေကို ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားပါ။ အရမ်းအေးနေပြီဆိုရင် ထုတ်ပြီး နေလောင်ထားတဲ့နေရာတွေကို ကပ်ပေးပါ။ မျက်နှာနေလောင်ထားလို့ တစ်ခုခုနဲ့ဓာတ်မတည့်မှာကြောက်ရင်လည်း ဒီနည်းလမ်းကို သုံးလို့ရပါတယ်။
ဒီနည်းလမ်းကတော့ နေလောင်ထားတာတွေ သက်သာစေပြီး အသားအရေအေးမြစေပါတယ်။ အသားအရေရဲ့ pH balance လည်း ညီစေပါတယ်။