ယနေ့ခေတ်မှာ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဆေးဝါးအများအပြားကိုလည်း စမ်းသပ်စမ်းဆေးအောင်မြင်ပြီးဖြစ်ပါတယ်။ ကျန်းမာရေးအတွက် သောက်သုံးရတဲ့ ဆေးဝါးတွေလည်း အများအပြားရှိသလို အသားအရေအလှအပအတွက် သောက်သုံးနိုင်တဲ့ ဆေးဝါးတွေလည်း မရေမတွက်နိုင်အောင်ပါပဲ။

ထိုဆေးဝါးတွေထဲမှာမှ အသားဖြူဆေးကလည်း ပျိုမေလေးတွေကြား ရေပန်းစားနေတဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ထိုအသားဖြူဆေးက ဘေးထွက်ဆိုးကျိုးတွေ မပေးနိုင်ဘူးလို့ ပျိုမေလေးတို့ ယုံကြည်ပါသလား။

ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ သဘာဝအသားဖြူဆေးလေးကိုရော မသုံးချင်ဘူးလား။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် ဖော်စပ်ရမှာမို့လို့ နည်းနည်းတော့ အပင်ပန်းခံရမှာပေါ့နော်။

နွားနို့၊ သံပုယိုရည်နဲ့ ပျားရည်တို့ဖြင့် ပေါင်းတင်ပါ

နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာကို စင်ကြယ်အောင် သန့်စင်ဆေးကြောလိုက်ပါ။ ပြီးမှ စောစောက မွှေထားသော အနှစ်များကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးရပါမယ်။

ဒီနည်းလမ်းလေးကိုတော့ တစ်ရက်ခြားတစ်ခါ ညအိပ်ရာဝင်ခါနီးတိုင်း ပေါင်းတင်ပေးရမှာပဲဖြစ်ပါတယ်။

အာလူးနဲ့ ပေါင်းတင်ပါ

ဒီနည်းလမ်းကတော့ အာလူးတစ်လုံးရှိရုံနဲ့ အသားဖြူစေမယ့် နည်းလမ်းပဲဖြစ်ပါတယ်။ အာလူးကို အခွံခွာပြီးနောက် တစ်လက်မအထူခန့် လှီးဖြတ်လိုက်ပါ။ ထို့နောက် ထိုအာလူးဖြင့် အသားဖြူချင်တဲ့နေရာတစ်ဝိုက်ကို ပွတ်တိုက်ပေးလိုက်ပါ။ ထွက်လာတဲ့ အာလူးရည်တွေက သင့်ကို အသားဖြူစေမှာပဲဖြစ်ပါတယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။

ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်မှာ သုံးကြိမ်ခန့် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လိမ္မော်ခွံနဲ့ ဒိန်ချဉ်ဖြင့် ပေါင်းတင်ပါ

လိမ္မော်ခွံအနည်းငယ်နှင့် သဘာဝဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်တို့ လိုအပ်ပါလိမ့်မယ်။ လိမ္မော်ခွံကို နေပူထဲမှာ ၂ ရက်၊ ၃ ရက်ခန့် လှန်းထားပေးရပါမယ်။ လိမ္မော်ခွံများ ခြောက်သွားပါက အမှုန့်ဖြစ်သွားအောင် ထောင်းလိုက်ပါ။ ထို့နောက် ရရှိလာတဲ့ အမှုန့်ကို ဒိန်ချဉ်နဲ့ ရောမွှေပေးလိုက်ပါ။ ပြီးမှ မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။

မျက်နှာပေါ် မသုတ်လိမ်းခင်မှာ မျက်နှာကို စင်ကြယ်အောင် သန့်စင်ဆေးကြောထားရပါမယ်။ မျက်နှာပေါ် သုတ်လိမ်းထားတဲ့ အနှစ်များ ခြောက်သွားတဲ့အထိစောင့်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်ကြာမှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်ရက်ခြားတစ်ခါ ညအိပ်ရာဝင်ခါနီးတိုင်း ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

Source: stylecraze.com