တမာရွက်က ထိခိုက်ဒဏ်ရာ အနာတရများကို ကုသပေးနိုင်စွမ်းရှိတဲ့ ဆေးဖက်ဝင်အရွက်အဖြစ် နာမည်ကြီးတဲ့အရွက်ပဲဖြစ်ပါတယ်။ အရေပြားယားယံခြင်းကို ကုသချင်တာလား၊ ခေါင်းမာလွန်းလှတဲ့ အမာရွတ်တွေကို ဖယ်ရှားချင်တာလား။ သင့်ရဲ့ အရေပြား ပြဿနာအတွက် သေချာတဲ့အဖြေတစ်ခုကတော့ တမာရွက်နဲ့ ကုသခြင်းပဲဖြစ်ပါတယ်။

အခုဆိုရင် တမာရွက်ကို ကျန်းမာရေးအတွက်တင်မကဘဲ အလှအပအတွက်ပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ တမာရွက်မှ ရရှိတဲ့ အရည်က အသားအရေခြောက်သွေ့ခြင်း၊ အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတို့ကို နှေးကွေးစေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ဝက်ခြံနဲ့ အမဲစက်များကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ဒါဆိုရင် အလှအပအတွက် တမာရွက်ကို ဘယ်လိုအသုံးပြုမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

အရေးအကြောင်းများကို ဖယ်ရှားချင်သူများအတွက် တမာရွက်ပေါင်းတင်နည်း

အုတ်ဂျုံ ပန်းကန်လုံးတစ်ဝက်ခန့်၊ နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ တမာရွက်အနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်တို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ သမအောင်ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပြီးနောက် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အခြောက်ခံလိုက်ပါ။ ပြီးမှ ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

အသားဖြူချင်သူများအတွက် တမာရွက်နှင့် သင်္ဘောသီး ပေါင်းတင်နည်း

တမာရွက် ၇ ရွက်၊ ၈ ရွက်ခန့်နှင့် သင်္ဘောသီးမှည့် တစ်စိတ်ခန့်တို့ လိုအပ်ပါမယ်။ တမာရွက်ကို ပြုတ်ပြီးနောက် အနှစ်များရအောင် ပြုလုပ်ပြီးနောက် သင်္ဘောသီးမှည့်နဲ့ရောနှောကာ အနှစ်များရအောင် ကြိတ်ချေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ မိနစ် အနည်းငယ်ခန့် နှိပ်နယ်ပြီးနောက် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အခြောက်ခံလိုက်ပါ။ ခြောက်သွားပါက မျက်နှာသစ်လိုက်ပါ။

ဒီနည်းလမ်းလေးက မျက်နှာပေါ်ရှိ အမဲစက်နဲ့ ဝက်ခြံများ၊ အမာရွတ်များကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်ဖြူဝင်းလာအောင် ကူညီပေးပါလိမ့်မယ်။

မျက်နှာအဆီပြန်သူများအတွက် တမာရွက်နှင့် သံပုယိုရည် ပေါင်းတင်နည်း

ဒီနည်းလမ်းကို အသုံးပြုဖို့အတွက် တမာရွက်အမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (တမာရွက်ကို နေလှန်းကာ အခြောက်ခံပြီးနောက် အမှုန့်များရအောင် ပြုလုပ်ပါ) ၊ နှင်းဆီရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ အားလုံးကို ပန်းကန်လုံးတစ်ခုထဲမှာ ကြိတ်ချေလိုက်ပါ။ ထို့နောက် ရရှိလာတဲ့အနှစ်ကို မျက်နှာပေါ်မှာာ သုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် အခြောက်ခံပြီးတဲ့နောက်မှာ ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။

အသားအရေခြောက်သွေ့သူများအတွက် တမာရွက်နှင့် နနွင်းမှုန့် ပေါင်းတင်နည်း

တမာရွက်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့် (တမာရွက်ကို ပြုတ်ပြီး အနှစ်များရအောင် ပြုလုပ်ပါ) ၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်တို့ လိုအပ်ပါမယ်။ ပါဝင်ပစ္စည်းများ အားလုံးကို ရောနှောပြီး မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်မှာ သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် ကြာမှ မျက်နှာသစ်ချလိုက်ပါ။ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပေါင်းတင်ပြီးတဲ့နောက်မှာ သင့် အသားအရေက စိုပြေချောမွတ်လာပါလိမ့်မယ်။

ဒီပေါင်းတင်နည်းလေးတွေကတော့ သင့်ကို ငယ်ရွယ်နုပျိုပြီးချောမွတ်တဲ့ အသားအရေလေး ထာဝစဉ်ပိုင်ဆိုင်နိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Source: stylecraze.com