မျက်နှာပေါ်ကအမဲစက်တွေ ကို ဖယ်ရှားပေးမယ့် အိမ်တွင်းဖြစ်နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ငွေကုန်သက်သာပြီး လုပ်ရတာလည်းလွယ်ကူတဲ့ နည်းလမ်းကောင်းတွေဖြစ်တာကြောင့် လုပ်ရတာအဆင်ပြေမှာပါ။ ဒီနည်းလမ်းတွေထဲကမှ ကိုယ်နှစ်သက်ရာတစ်မျိုးကို ရွေးပြီးလုပ်ရုံပါပဲ။

ဒိန်ချဉ်နဲ့ကြက်ဥ (အကာ)

ကြက်ဥကို ပန်းကန်လုံးထဲဖောက်ထည့်ပြီး အနှစ်ကိုဖယ်ထုတ်လိုက်ပါ။ အကာရည်ကိုပဲ ဒိန်ချဉ်နဲ့ ရောမွှေပြီး မျက်နှာမှာ လိမ်းပေးပါ။ ၂၅ မိနစ်ထားပြီးမှ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရင် အမဲစက်တွေ သိသိသာသာ ပါးသွားပါလိမ့်မယ်။

သခွားသီးနဲ့သံပယိုသီး

သခွားသီးကို ကြိတ်ပြီး အရည်ရအောင်လုပ်ပါ။ ရလာတဲ့ သခွားသီးအရည်ကိုမှ သံပယိုရည်နဲ့ ဆတူရောနေမွှေပြီး မျက်နှာမှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ၂၅ မိနစ်လောက်လိမ်းထားပြီးရင် မျက်နှာသစ်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကို ၂ ရက်ခြားတစ်ခါ ပုံမှန်လုပ်ပေးရင် အမဲစက်တွေ သိသိသာသာ ပါးသွားမှာပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အတွင်းသားဂျယ်လ်ကို ခြစ်ယူပြီး မျက်နှာမှာ ပွတ်ပေးရမှာ ဖြစ်ပါတယ်။ ပွတ်ပေးပြီးရင် ခြောက်အောင်ထားပါ။ ပြီးမှ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကတော့ အမဲစက်တွေ သက်သာစေပြီး နေလောင်ထားတာတွေပါ သက်သာစေပါတယ်။ နေ့တိုင်းလုပ်ပေးဖို့တော့ လိုပါတယ်။ ရှားစောင်းလက်ပတ်နဲ့ မတည့်တဲ့သူဆိုရင်တော့ ဒီနည်းလမ်းကိုရှောင်သင့်ပါတယ်။

နနွင်းမှုန့်နဲ့သံပယိုရည်

နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာမှာလိမ်းပေးပါ။ ၁ နာရီကြာမှ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကတော့ မျက်နှာပေါ်က အမဲစက်တွေ သက်သာပျောက်ကင်းစေပြီး အသားအရေ glow စေဖို့လည်း ကူညီပေးပါတယ်။