ဒီနေ့မှာတော့ ယောကျာ်းမိန်းမ မရွေး ကြုံတွေ့ရတတ်တဲ့ ဗောက်ပြဿာနာအတွက် ဖြေရှင်းနိုင်မယ့်နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်နော်။ ဗောက်ထလေ့မရှိတဲ့သူတောင်မှ အခုလိုဆောင်းတွင်းရောက်ရင်တော့ ဗောက်ထတတ်ပါတယ်။ ဗောက်ဖြစ်ပြီ ဆိုတာနဲ့ ဦးရေပြားက ယားယံပြီး စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ ခေါင်းကုတ်လိုက်တာနဲ့ အမှုန်တွေကျလာပြီး တစ်ယောက်တည်း နှင်းကျနေသလိုပါပဲ။ ဒီဗောက်တွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ကျဆင်းစေပြီး တခြားသူတွေ မမြင်အောင် ကြိုးစားရတာကြောင့် စိတ်လည်းပင်ပန်းရတယ်နော်။

ဒီတစ်ခေါက်မှာတော့ ဗောက်ပျောက်ခေါင်းလျှော်ရည် ဆွဲသုံးစရာမလိုဘဲ ဗောက်တွေကို အရှင်းပျောက်စေမယ့် သဘာဝနည်းလမ်းကောင်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။ အဲ့ဒါကြောင့် ဗောက်ပျောက်အောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ကို ရေနဲ့အချိုးတူရောလိုက်ပါ။ ခေါင်းလျှော်ပြီးလို့ ဆံပင်မခြောက်သေးခင်မှာပဲ ခုနကရောထားတဲ့ အရည်ကို သုတ်လိမ်းနှိပ်နယ်ပေးပြီး (၁၅) မိနစ်ကြာမှ ရေပြန်ဆေးရပါမယ်။ ပန်းသီရှာလကာရည်မှာပါဝင်တဲ့ အက်စစ်ဓာတ်ဟာ ဗောက်ကြောင့်ဖြစ်တဲ့ ယားယံခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်းအတွက် အသုံးတည့်ပါတယ်။

အုန်းဆီ

သင့်ဆံပင် အထူအပါး အတိုအရှည်ပေါ်မူတည်ပြီး အုန်းဆီပမာဏအနည်းငယ်ကို အပူပေးပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံပင်ပေါ်ကို ငါးမိနစ်ခန့် သုတ်လိမ်းနှိပ်နယ်ပေးပါ။ ညဘက်မှာလိမ်းထားပြီးတော့ မနက်ကျရင် လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ။

ပျားရည်

ပျားရည်မှာ ပါဝင်တဲ့ ဗီတာမင် A၊ B၊ C၊ D၊ E နဲ့ B-Complex က ဦးရေပြားခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပြီး ဆံပင်ကို အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။

ဘယ်လိုပြုလုပ်ရမလဲဆိုတော့ ဆံပင်ကို အရင်ရေဆေးချလိုက်ပါ။ ပြီးရင် ပျားရည် ကိုးဆယ်ရာခိုင်နှုန်းနဲ့ ရေဆယ်ရာခိုင်နှုန်းရောပြီး ဦးရေပြားထဲစိမ့်ဝင်အောင် သုတ်လိမ်းပေးပါ။ ပြီးရင် နာရီအနည်းငယ်ကြာအောင် ထားထားပါ။ ပြီးတော့မှ ရေဆေးချလိုက်ရမှာပါ။

မုန့်ဖုတ်ဆိုဒါ

အရည်အသွေးကောင်းတဲ့ မုန့်ဖုတ်ဆိုဒါကို သင်သုံးနေကျခေါင်းလျှော်ရည်နဲ့ ရောပြီး ပုံမှန်လျှော်နေကြအတိုင်း လျှော်လိုက်ပါ။

ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါကို ပန်းသီးရှာလကာရည်နဲ့ အတူရောနှောလိုက်ပါ။ ပြီးရင် ဦးရေပြားပေါ်သုတ်လိမ်းပြီးမှ ရေဆေးချလိုက်ပါ။

နောက်တစ်နည်းကတော့ မုန့်ဖုတ်ဆိုဒါနဲ့ နှင်းဆီအရည်ကို ရောနှောပြီး ဦးရေပြားကို သုတ်လိမ်းပြီး နှစ်မိနစ်၊ သုံးမိနစ်ခန့်ထားပြီးမှ ရေအေးလေးနဲ့ဆေးချလိုက်ပါ။ သတိထားရမယ့်အချက်ကတော့ မုန့်ဖုတ်ဆိုဒါသီးသန့်ချည်း တိုက်ရိုက်အသုံးမပြုမိဖို့ပါပဲ။

သံပရိုသီး

လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပရိုသီးအရည်ကို ဦးရေပြားပေါ် သုတ်လိမ်းပေးပါ။ ၃၅ မိနစ်ကနေ မိနစ် ၄၀ အထိ ထားပြီးမှ ရေဆေးချလိုက်ပါ။ သံပုရိုရည်နဲ့ ပျားရည်၊ ဒါမှမဟုတ် သံပရိုရည်နဲ့ရေ ရောပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

Source: BrightSide