သင်တို့ရဲ့ ကိုယ်သင်းရနံ့ဆိုတာဟာ ခန္ဓာကိုယ်ပေါ်ရှိ ချွေးနှင့် ဘက်တီးရီးယားများ ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ စားသုံးလိုက်တဲ့ အစားအစာများကြောင့် ကိုယ်သင်းရနံ့ သင်းပျံ့တာမျိုးလည်း ရှိနိုင်သလို ခန္ဓာကိုယ်ရနံ့ ဆိုးဝါးတာမျိုးလည်း ရှိနိုင်ပါတယ်။

ဟော်မုန်းပြောင်းလဲခြင်း၊ ရောဂါအခြေအနေတစ်ခုခုကြောင့် သောက်သုံးနေရတဲ့ ဆေးအမျိုးအစားများပေါ် မူတည်ပြီး သင့်ရဲ့ ခန္ဓာကိုယ်ရနံ့လည်း ပြောင်းလဲသွားတတ်ပါတယ်။

ဘယ်အရာတွေက သင့်ရဲ့ ကိုယ်သင်းရနံ့ ထွက်စေတာလဲ

ခန္ဓာကိုယ်ရနံ့ဆိုးများဟာ အခြေအနေ အမျိုးမျိုးပေါ်လိုက်ပြီး ပြောင်းလဲသွားတတ်ပါတယ်။ ကိုယ်သင်းရနံ့ပြင်းစေတဲ့ အကြောင်းပြချက်များလည်း အမျိုးမျိုးရှိပါတယ်။ ပထမတစ်ချက်ကတော့ မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး ကိုယ့်ရဲ့ Lifestyle တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မှ ခန္ဓာကိုယ် ရနံ့ဆိုးထွက်ခြင်းမှ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

အားကစား ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ရာသီဥတု ပူအိုက်ခြင်း၊ အဝလွန်ခြင်း အစရှိတဲ့ အချက်များသည်လည်း ခန္ဓာကိုယ်ရနံ့ဆိုးစေတဲ့ တရားခံများပဲဖြစ်ပါတယ်။

ဘယ်လိုအစားအစာမျိုးက ခန္ဓာကိုယ်ရနံ့ကို ဆိုးဝါးစေသလဲ

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းပွင့်စိမ်း၊ အနီရောင်ရှိသော အသားများ အစရှိတဲ့ အစားအစာများက သင့်ရဲ့ ခန္ဓာကိုယ်ရနံ့ကို ပိုမိုဆိုးရွားလာစေပါတယ်။ ဒါ့အပြင် ကဖိန်းဓာတ် ပါဝင်သော အစားအစာများ၊ အချိုမှုန့်၊ ဟင်းခပ် အမွှေးအကြိုင်များ၊ ငရုတ်ဆီ အစရှီတဲ့ အစားအစာများသည်လည်း ခန္ဓာကိုယ်ရနံ့အတွက် ကောင်းကျိုးမပေးတဲ့အတွက်ကြောင့် ရှောင်ကြဥ်သင့်တဲ့အထဲ ပါပါတယ်။

ခန္ဓာကိုယ် ရနံ့ဆိုးထွက်ခြင်းကို ပျောက်ကင်းသက်သာအောင် ဘယ်လိုကုသနိုင်မလဲ

ခန္ဓာကိုယ် ရနံ့ဆိုးထွက်ခြင်းကို ပျောက်ကင်းအောင် ကုသဖို့ဆိုရင် ရနံ့ဆိုးထွက်စေတဲ့ တရားခံများကို သိရှိထားဖို့ လိုအပ်ပါတယ်။ ဥပမာ-ကိုယ့်ရဲ့ အနံ့ဆိုးက အစားအစာကြောင့်ဖြစ်တာလား၊ ဒါဆိုရင် အစားအသောက်ပိုင်းကို ဂရုစိုက်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ရာသီဥတုကြောင့် အနံ့ဆိုး ထွက်ရတာလား၊ ဒါဆိုရင်တော့ ရာသီဥတုနှင့်အညီ လိုက်လျောညီထွေအောင် ပြုမူနေထိုင်ရမှာဖြစ်ပြီး ချွေးထွက်နည်းအောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။

ရနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ဖို့အတွက်ဆိုရင် အခုဖော်ပြပေးမယ့် အိမ်တွင်းကုသနည်းများကိုလည်း အသုံးချနိုင်ပါတယ်။

အဆင့် (၁) တစ်ကိုယ်ရည် သန့်ရှင်းမှုနှင့် အသားအရေကို ဂရုစိုက်ပါ

နေ့စဥ် မှန်မှန် ရေချိုးပေးဖို့ လိုအပ်ပါတယ်။ ရေချိုးတဲ့အခါမှာ ချွေးများများ ထွက်လေ့ရှိတဲ့ ဧရိယာတစ်ဝိုက်ကို ဂရုစိုက်ကာ ဆပ်ပြာများများသုံးပြီး ရေချိုးပေးရပါမယ်။ အထူးသဖြင့် ချိုင်းကြား အသားအရေ၊ ပေါင်ချံကြားနေရာတစ်ဝိုက်ကို ဆပ်ပြာဖြင့် နိုင်နိုင်တိုက်ကာ ရေချိုးသန့်စင်ပါ။ ဒီလို ရေချိုးသန့်စင်ခြင်းအားဖြင့် ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်ပြီး အနံ့အသက်ဆိုးများ အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။

အဆင့် (၂) ချိုင်းမွှေးများကို ပုံမှန်ဖယ်ရှားပါ

အမွှေးအမျှင်များ ပေါက်ဖွားရာနေရာဟာ ဘက်တီးရီးယားများ ကိန်းအောင်းပေါက်ဖွားရာ နေရာဖြစ်ပါတယ်။ ဒါ့ကြောင့် ချိုင်းကြားရှိ အမွှေးအမျှင်များနှင့် ကိုယ့်ရဲ့ Private Area တစ်ဝိုက်ရှိ အမွှေးအမျှင်များကိုပါ ပုံမှန်ရိတ်သင်ခြင်းကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

အဆင့် (၃) ချည်သားအဝတ်အထည်များ၊ ပွပွယောင်းယောင်း အဝတ်အထည်များကို ဝတ်ဆင်ပါ

ကြပ်ထုပ်နေသော အဝတ်အစားများကို ဝတ်ဆင်တဲ့အခါ သင့်ရဲ့ အသားအရေက လေဝင်လေထွက် မရှိတော့ဘဲ ချွေးနံ့ဆိုးများထွက်ကာ အနံ့ဆိုးရွားစေပါတယ်။ ဒါ့ကြောင့် အဝတ်အစားများ ဝတ်ဆင်တဲ့အခါ ကြပ်ထုပ်တဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်းမှ ရှောင်ကြဥ်ပြီး ပွပွလျလျနှင့် ချောင်ချောင်ချိချိရှိသော အဝတ်အစားများကိုသာ ဝတ်ဆင်ပေးရမှာဖြစ်ပါတယ်။ အောက်ခံဘောင်းဘီ ရွေးချယ်တဲ့အခါမှာလည်း ထိုနည်းအတိုင်းပဲ ဖြစ်ပါတယ်။

အဆင့် (၄) ချွေးနံ့ဆိုးများကို ဖယ်ရှားပေးတဲ့ အမွှေး Roll-On များ အသုံးပြုပါ

ချွေးရနံ့ ပြင်းတဲ့သူများအဖို့ တစ်နေကုန် ချွေးနံ့များကို ထိန်းပေးဖို့ဆိုရင် Roll-On တွေက အသုံးအတည့်ဆုံးပါပဲ။ ဖြစ်နိုင်မယ်ဆိုရင် အိတ်ဆောင် Roll-On လေးတွေကို သွားလေရာ အိတ်ထဲ ထည့်သွားသင့်ပါတယ်။ ဒါမှသာ ချွေးနံ့ နည်းနည်းလေး ထွက်လာပြီဆိုတာနဲ့ Roll-On လေးနဲ့ သုတ်ပေးလိုက်လို့ရပါတယ်။ ချွေးနံ့ဆိုးများကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ကျဆင်းခြင်းမှ ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

အဆင့် (၅) စိတ်ဖိစီးမှုများကို လျော့ချပါ

စိတ်ဖိစီးမှုများဟာ အနံ့ဆိုးများကို ဖြစ်ပေါ်စေသော ဂလင်းများကို အနံ့ဆိုးများ ထွက်လာအောင် လှုံ့ဆော်နေမှာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျော့ချပြီး စိတ်ဖိစီးမှုများကို ဖြစ်ပေါ်စေတဲ့ အရာများကို ခေါင်းထဲက ထုတ်ပစ်တာ အကောင်းဆုံးပါပဲ။

အထက်ဖော်ပြပါ နည်းလမ်းများက ကိုယ်သင်းရနံ့ကို သင်းပျံ့လာအောင် ကူညီပေးနိုင်တာကြောင့် သေသေချာချာ လိုက်နာဖို့ လိုပါလိမ့်မယ်။