ဗောက်ဆိုတာက အသက်အရွယ်မရွေး၊ ယောကျာ်းမိန်းမ မရွေးဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုမျိုးဗောက်ထလာပြီဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဦးရေပြားခြောက်လာမယ်၊ ဆံပင်တွေကျွတ်လာမယ်၊ အဆိုးဆုံးကတော့ မိမိကိုယ်ကိုယုံကြည်မှုကျဆင်းလာမှာဖြစ်တယ်။

အဲ့ဒါကြောင့် ဗောက်ပျောက်အောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်။

၁။ လက်ဖက်အဆီ

ဗောက်နဲ့ ပတ်သက်ရင်တော့ လက်ဖက်အဆီက အသင့်တော်ဆုံးပါပဲ။ ဘယ်လိုအသုံးပြုရမလဲဆိုတော့ ၂၀၀ မီလီလီတာ ခေါင်းလျှော်ရည်ဘူးထဲကို လက်ဖက်အဆီ (၈) စက်ကနေ (၁၀)စက်အထိ ထည့်ပေးမယ်။ ပြီးရင် ပုံမှန်အတိုင်းခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ ခေါင်းလျှော်နေတဲ့အချိန်မှာ လက်ဖက်ဆီအာနိသင်ရှိအောင်လို့ ဦးရေပြားပေါ်မှာကြာကြာထားပေးဖို့တော့ လိုမယ်နော်။

နောက်တစ်နည်းကတော့ အုန်းဆီထဲကို လက်ဖက်ဆီထည့်တာပါ။ အုန်းဆီပုလင်းထဲကို လက်ဖက်ဆီ (၁၅) စက်လောက်ထည့်ပေးမယ်။ ပြီးရင် ခေါင်းပေါ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ညဘက်လိမ်းထားပေးပြီး မနက်ကျရင်ခေါင်းလျှော်လိုက်ရုံပါပဲ။

၂။ ပန်းသီးရှာလကာရည်

ပြုလုပ်ပုံကတော့ ပန်းသီးရှာလကာရည်ကို ရေနဲ့အချိုးတူရောလိုက်ပါ။ ခေါင်းလျှော်ပြီးလို့ ဆံပင်မခြောက်သေးခင်မှာပဲ ခုနကရောထားတဲ့ အရည်ကို သုတ်လိမ်းနှိပ်နယ်ပေးပြီး (၁၅) မိနစ်ကြာမှ ရေပြန်ဆေးရပါမယ်။ ပန်းသီရှာလကာရည်မှာပါဝင်တဲ့ အက်စစ်ဓာတ်ဟာ ဗောက်ကြောင့်ဖြစ်တဲ့ ယားယံခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်းအတွက် အသုံးတည့်ပါတယ်။

၃။ အုန်းဆီ

သင့်ဆံပင် အထူအပါး အတိုအရှည်ပေါ်မူတည်ပြီး အုန်းဆီပမာဏအနည်းငယ်ကို အပူပေးပါ။ ပြီးရင် ဦးရေပြားနဲ့ ဆံပင်ပေါ်ကို ငါးမိနစ်ခန့် သုတ်လိမ်းနှိပ်နယ်ပေးပါ။ ညဘက်မှာလိမ်းထားပြီးတော့ မနက်ကျရင် လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပေးလိုက်ပါ။

၄။ ပျားရည်

ပျားရည်မှာ ပါဝင်တဲ့ ဗီတာမင် A၊ B၊ C၊ D၊ E နဲ့ B-Complex က ဦးရေပြားခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပြီး ဆံပင်ကို အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။

ဘယ်လိုပြုလုပ်ရမလဲဆိုတော့ ဆံပင်ကိုအရင်ရေဆေးချလိုက်ပါ။ ပြီးရင် ပျားရည် ကိုးဆယ်ရာခိုင်နှုန်းနဲ့ ရေဆယ်ရာခိုင်နှုန်းရောပြီး ဦးရေပြားထဲစိမ့်ဝင်အောင်သုတ်လိမ်းပေးပါ။ ပြီးရင် နာရီအနည်းငယ်ကြာအောင်ထား ထားပါ။ ပြီးတော့မှ ရေဆေးချလိုက်ရမှာပါ။

၅။ မုန့်ဖုတ်ဆိုဒါ

အရည်အသွေးကောင်းတဲ့ မုန့်ဖုတ်ဆိုဒါကို သင်သုံးနေကျခေါင်းလျှော်ရည်နဲ့ ရောပြီး ပုံမှန်လျှော်နေကြအတိုင်းလျှော်လိုက်ပါ။

ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါကို ပန်းသီးရှာလကာရည်နဲ့ အတူရောနှောလိုက်ပါ။ ပြီးရင် ဦးရေပြားပေါ်သုတ်လိမ်းပြီးမှ ရေဆေးချလိုက်ပါ။

နောက်တစ်နည်းကတော့ မုန့်ဖုတ်ဆိုဒါနဲ့ နှင်းဆီအဆီကို ရောနှောပြီး ဦးရေပြားကိုသုတ်လိမ်းပြီး နှစ်မိနစ်၊ သုံးမိနစ်ခန့်ထားပြီးမှ ရေအေးလေးနဲ့ဆေးချလိုက်ပါ။ သတိထားရမဲ့အချက်ကတော့ မုန့်ဖုတ်ဆိုဒါသီးသန့်ချည်းတိုက်ရိုက်အသုံးမပြုမိဖို့ပါပဲ။

၆။ တမာရွက်

တမာရွက်အနည်းငယ်ကို မိနစ်အနည်းငယ်ခန့်ဆူပွက်အောင်တည်ပါ။ ပြီးရင် ရလာတဲ့တမာရည်ကို ဆံပင်ပေါ်သုတ်လိမ်းပြီး လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဒါပေမဲ့တမာအဆီအနှစ်တွေကိုတော့ အသုံးမပြုရဘူးနော်၊ ဦးရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်လို့ပါ။

၇။ သံပရိုသီး

လတ်လတ်ဆတ်ဆတ်ညစ်ထားတဲ့ သံပရိုသီးအရည်ကို ဦးရေပြားပေါ်သုတ်လိမ်းပေးပါ။ ၃၅ မိနစ်ကနေ မိနစ် ၄၀ အထိ ထားပြီးမှ ရေဆေးချလိုက်ပါ။ သံပုရိုရည်နဲ့ ပျားရည်၊ ဒါမှမဟုတ် သံပရိုရည်နဲ့ ရေ ရောပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

Source: BrightSide

Featured Image Source: Pulse Ghana