ကော်ဇောနီထက်မှာ လျှောက်လှမ်းလာတဲ့ မင်းသမီးတွေရဲ့ ဖိနပ်ကိုကြည့်ရင် ဆိုဒ်နည်းနည်းကြီးနေတာ ဖိနပ်ကနောက်ကထွက်နေတာတွေ တွေ့ဖူးပါလိမ့်မယ်။ မင်းသမီးတွေဖြစ်ပြီး သူတို့နဲ့တော်တဲ့ ဖိနပ်မဝယ်နိုင်တာများလား။ မဟုတ်ပါဘူး။ တမင်တကာကို ဖိနပ်ကြီးကြီး စီးရတဲ့အကြောင်းရှိပါတယ်။

ပွဲလမ်းသဘင်တွေ တက်ရတဲ့အခါ ဒေါက်မြင့်ဖိနပ်နဲ့ အချိန်ကြာမြင့်စွာ သွားလာလှုပ်ရှားရပါတယ်။ အဲ့ဒီအခါ ခြေထောက်ကို သွေးကျပြီး ဖောင်းကားလာတတ်ပါတယ်။ သွေးကျပြီးဖောင်းလာတော့ ဖိနပ်က ကျပ်သွားနိုင်ပါပြီ။

Size ကြီးတဲ့ဖိနပ်ကို ရွေးချယ်ခြင်းဖြင့် ခြေထောက်သွေးကျလျှင် ဖိနပ်ကျပ်ခြင်း သို့မဟုတ် ဖိနပ်ပေါက်ခြင်း ပွန်းခြင်း စတဲ့ဒုက္ခတွေကို ကာကွယ်ပြီးသားဖြစ်သွားတာပါ။

ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ ခါးရိုးနဲ့ ခြေခုံရိုးကို အဓိက သက်ရောက်ပါတယ်။ ခါးနာခြင်းနဲ့ ခြေထောက်နာခြင်းတို့ကို ရှောင်လွှဲလို့ရအောင် မင်းသမီးတွေဟာ ဖိနပ်ကို သိပ်အားပြုပြီး မစီးပါဘူး။ သက်သောင့်သက်သာရှိတဲ့အခါ ခါးရိုးကို ဝန်မပိသလို ခြေထောက်ကိုလည်း အနားပေးရာရောက်ပါတယ်။ ဖိနပ်ဆိုဒ် တစ်ဆိုဒ် ကြီးတာကို စီးရင် ဒါတွေကို စိတ်ပူစရာမလိုပါဘူး။ ဖိနပ်ကြီးနေလို့ ချော်ထွက်သွားမှာ ကျွတ်ထွက်သွားမှာလည်း မစိုးရိမ်ပါနဲ့။ သူတို့တွေက ဖိနပ်အတွင်းသားမှာ Silicone Pads လို့ခေါ်တဲ့ စီလီကွန်အပြားလေးတွေ ခံစီးပါတယ်။ ခြေထောက်နာခြင်းကိုလည်း အဲ့ဒီအပြားလေးတွေက သက်သာစေပါတယ်။

အင်္ကျီနဲ့လိုက်ဖက်တဲ့ ဖိနပ်ကို စီးရတာဖြစ်လို့ မင်းသမီးတွေအတွက် ဘယ်တော့မှ စိတ်အနှောင့်အယှက်မရှိပါဘူး။ အဆင်ပြေပေါ့ပါးတဲ့ ဖိနပ်ကို လိုက်လျောညီထွေဖြစ်အောင်စီးထားလို့ ပွဲအလယ်မှာ ကျော့ကျော့မော့မော့လေး လျှောက်လှမ်းသွားနိုင်တာပဲ ဖြစ်ပါတယ်။

တကယ်လို့ ဒေါက်ဖိနပ်စီးပြီးသွားရမယ့် ပွဲမျိုးဆို တစ် Size ကြီးတဲ့ ဖိနပ်မျိုး ရွေးချယ်စီးသင့်ပါတယ်။