မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့အတွက် အားလပ်ရက်မှာ အိမ်မှာပဲအနားယူရင်း Spa ရောက်သွားသလို ခံစားချက်မျိုးရစေဖို့ ကိုယ်တိုင် DIY Hair Cream လုပ်ပြီး ပေါင်းတင်းနိုင်မယ့်နည်းလမ်းကောင်းလေးကို ဒီတစ်ခေါက်အကြောင်းအရာမှာ မျှဝေပေးချင်ပါတယ်။ သင့်ခန္ဓာကိုယ်ကျန်းမာရေးနဲ့ အသားအရေအလှအပအတွက် သဘာဝနည်းလမ်းတွေနဲ့ ပုံမှန်ထိန်းသိမ်းမှုပြုလုပ်ပေးနိုင်သလို ဆံသားကျန်းမာရေးအတွက်လည်းအလားတူနည်းလမ်းတွေနဲ့ ထိန်းသိမ်းပေးနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် သဘာဝဆံသားထိန်းသိမ်းနည်းလေးက သင့်ဆံသားကိုနူးညံ့တောက်ပစေမယ့်အပြင် လုပ်ရလွယ်ပြီး ဈေးသက်သာတဲ့ အိမ်သုံးသဘာဝပါဝင်ပစ္စည်းသုံးမျိုးသာပါဝင်တာကြောင့် စမ်းလုပ်ကြည့်ဖို့ မမေ့ပါနဲ့နော်။
လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-

အအေးခံထားတဲ့ အုန်းဆီတစ်ဇွန်း

ရှားစောင်းလက်ပတ် Gel ဇွန်းအပြည့်တစ်ဇွန်း

Vitamin E Oil နှစ်လုံး


ဒီသုံးမျိုးလုံးကိုရောပြီး Cream ပုံစံရလာတဲ့အထိနှံ့သွားအောင်ခလောက်ပြီး မွှေပေးပါ။

ရလာတဲ့ DIY Hair Cream ကို ဆံသားမှာမလိမ်းခင် အရင်ဆုံးဆံသားအထုံးတွေမရှိအောင် သေချာဖြီးချပြီး ဆံကြောင်းလေးကြောင်းလောက် ခွဲထားပေးပါ။ Cream ကို ဆံသားအောက်အတွင်းပိုင်းကနေစကာ တစ်လွှာချင်းလိမ်းပေးရမှာဖြစ်ပါတယ်။

မလိမ်းခင် Cream ကိုလက်ဝါးပေါ်တင်ပြီး လက်ဝါးနှစ်ဖက်ပွတ်ကာ လက်ငွေ့နဲ့အနည်းငယ်နွေးသွားအောင်ပြုလုပ်ပေးရပါမယ်။ လိမ်းတဲ့အခါမှာ နှစ်ခွဖြစ်ပြီး ပျက်စီးဖို့လွယ်တဲ့အဖျားပိုင်းတွေကိုပါရောက်အောင်လိမ်းပေးဖို့လည်းမမေ့ပါနဲ့။

Photo Source: MindBodyGreen

ဆံသားတစ်လွှာချင်းနှံ့နေအောင်လိမ်းပေးပြီး Shower Cap နဲ့အုပ်ကာ ဆံသားအတွင်းပိုင်းအထိ စိမ့်ဝင်အောင် မိနစ် ၃၀ မှ ၄၅ မိနစ်လောက်အထိထားပေးရပါမယ်။ အချိန်ပြည့်တဲ့အခါ ရေနွေးနွေး၊ Shampoo အပျော့တို့ကိုသုံးပြီးခေါင်းပြန်လျှော်ချပေးလိုက်ပါ။ ပြီးနောက် သဘာဝအတိုင်းဆံပင်အခြောက်ခံပြီး အမွှေးနုမျက်နှာသုတ်ပုဝါလေးနဲ့ သုတ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းက သင့်ကို ဆံကေသာရှုပ်ထွေးခြင်းကင်းပြီး ဆံပင်အတွက်လိုအပ်တဲ့အာဟာရနဲ့ အစိုဓာတ်ပြည့်ဝနေစေဖို့ကူညီပေးပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar