ဝါသနာဆိုတာ သိပ်အသုံးဝင်ပါတယ်။ ဝါသနာကောင်းတစ်ခု ရှိထားရင် လူလည်း မပျင်းရသလို ဖန်တီးမှုအားလည်း ထက်သန်ပါတယ်။ ဝါသနာတွေက သင့်ရဲ့ လူမှုဆက်ဆံရေးကိုလည်း ပိုအဆင်ပြေစေနိုင်ပါတယ်။ သင့်မှာ ချစ်သူရှိတယ်ဆိုရင်တော့ ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပုံဖော်ပေးမယ့် ဝါသနာလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) Camping ထွက်ခြင်း
Camping ထွက်တဲ့ အလေ့အထဟာ အခုဆို တော်တော်လေးကို ခေတ်စားလာပါပြီ။ Camp ထွက်တယ်ဆိုတာ စွန့်စားခန်းပါတဲ့ ဝါသနာတစ်ရပ်ဖြစ်သလို အသစ်အဆန်းအတွေ့အကြုံတစ်ခုကို အတူတူ မျှဝေရင်ဆိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
သင့်ချစ်သူနဲ့အတူ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားရတဲ့အမှတ်တရတစ်ခု ဖန်တီးချင်ရင် Camping ထွက်တဲ့ ဝါသနာလည်း လိုက်စားသင့်ပါတယ်။
(၂) ယောဂ
ယောဂဟာ လူရဲ့စိတ် ၊ ရုပ်နဲ့ခံစားမှုရသကို ပိုပြီး အကျိုးများစေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ယောဂကစားခြင်းဟာ လူတိုင်းရှိသင့်တဲ့ ဝါသနာတစ်ခုလို့တောင် ပြောနိုင်အောင် အကျိုးကျေးဇူးကြီးမားပါတယ်။
ချစ်သူနဲ့အတူ ယောဂကစားမယ်ဆိုရင် စိတ်မွန်းကြပ်ဖိစီးမှုတွေ သက်သာရုံတင် မဟုတ်ဘဲ စိတ်ပိုင်းဖြေလျှော့မှုကို အတူတူ လုပ်ဆောင်နိုင်ပါလိမ့်မယ်။
(၃) ပျိုးဥယျာဉ်စိုက်ခြင်း
သစ်ပင်ပန်းပင်လေးတွေ စိုက်တယ်ဆိုတာ သိပ်နူးညံ့ပြီး စိတ်အထိုင်ကျစေတဲ့အလုပ်ထဲမှာ ပါပါတယ်။ ဥယျာဉ်စိုက်တာဟာ အတူတူ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ Teamwork Exercise တစ်မျိုးလည်း ဖြစ်လို့ အချင်းချင်း ပိုဆက်သွယ်မှုရှိစေနိုင်ပါတယ်။
ဒါ့အပြင် ကိစ္စတစ်ခုကို အတူတူ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်တဲ့အပေါ် ကျေနပ်မှု ၊ ပန်းတိုင်တစ်ခုကို အတူတူ လျှောက်လှမ်းနိုင်တဲ့အတွက် အားရမှုတွေလည်း ပေးစွမ်းနိုင်ပါတယ်။
(၄) အချက်အပြုတ်
ဒီခေတ်မှာ ဟင်းချက် ထမင်းချက်ကို အမျိုးသားတွေလည်း လုပ်နေကြပြီ ဖြစ်ပါတယ်။ မီးဖိုချောင်ကို ချစ်သူနဲ့အတူ ဝင်ခြင်းဟာ နေ့စဉ်ဘဝထဲက ကြုံနေကျ ပြဿနာတစ်ခုကို အတူအဖြေရှာခြင်း ဖြစ်သလို ၊ နှစ်ယောက်အတူပေါင်းပြီး ပိုကောင်းတဲ့လက်ရာတစ်ခု ဖန်တီးလိုက်တာလည်း ဖြစ်ပါတယ်။
ဟင်းချက်တာကိုလည်း ပေါ့သေးသေးလို့ မအောက်မေ့စေချင်ပါဘူး။ ထမင်းဟင်းတွေဟာ မေတ္တာ ၊ စေတနာနဲ့ ဂရုစိုက်မှုရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်နေပါတယ်။
(၅) ပုံဆွဲခြင်း
အချိန်ရရင် ပန်းချီဆွဲနည်းလေ့လာဖို့ အကြံပေးချင်ပါတယ်။ ပုံဆွဲခြင်းဆိုတာ ဖန်တီးပုံဖော်မှုတစ်ရပ်ဖြစ်ပါတယ်။ ဖန်တီးခြင်းဆိုတာ အတူတူဆို ပိုလို့ အသက်ဝင်ပြီး အဓိပ္ပါယ်တွေ မြင်သာပါတယ်။ နောက်ပြီး နှစ်ယောက်သား အတူရေးဆွဲခဲ့တဲ့ ပန်းချီတွေဟာ ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစည်းခြင်းရဲ့ အမှတ်လက္ခဏာအဖြစ် ကျန်နေခဲ့မှာပါပဲ။