မင်္ဂလာပါ… ပျိုမဒီတို့ရေ… အသက်အရွယ်ကြီးလာတာနဲ့အမျှ အသားအရေတွေအိုမင်းရင့်ရော်လာတာက အရွယ်ရောက်ပြီး အမျိုးသားရော အမျိုးသမီးပါ အများစုကြုံတွေ့ရတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် အရွယ်မရောက် အချိန်မတန်သေးဘဲ အသားအရေတွေ အိုမင်းရင့်ရော်လာတာကတော့ သင်ကိုယ်တိုင်လုပ်မိနေတဲ့ မကောင်းတဲ့ အလေ့အကျင့်တချို့ကြောင့်ပါ။ ဒါကြောင့် သင်က ငယ်ရွယ်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေလုပ်နေမိရင် ပြင်ဆင်ဖို့ကြိုးစားကြည့်ပါ။

ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တဲ့လူက မသောက်တဲ့လူထက် ပါးစပ်တစ်ဝိုက်မှာ အရေးအကြောင်းတွေ စောစောစီးစီးဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဆေးရွက်ကြီးမှာပါတဲ့ နီကိုတင်းဓာတ်က အရေပြားဆီ သွေးစီးဆင်းမှုကို လျော့ကျစေပြီး စီးကရက်က ထုတ်လွှတ်လိုက်တဲ့ ကာဗွန်မိုနောက်ဆိုဒ်က အရေပြားရဲ့ အောက်ဆီဂျင်ကို ဖယ်ရှားတာကြောင့်ပါ။

Sunscreen မသုံးတာ

နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကိုစိမ့်ဝင်ရင် အရေးအကြောင်းများကို ဖြစ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။

အိပ်ရေးမဝတာ

ခန္ဓာကိုယ်ရဲ့ စနစ်အားလုံး အနားယူဖို့နဲ့ ပြန်လည်ရှင်သန်ဖို့အတွက် အိပ်ဖို့လိုအပ်ပါတယ်။ အဲဒီအထဲမှာမှ အိပ်ရေးပျက်တာက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုနဲ့ ပတ်သက်တဲ့ အရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

မိတ်ကပ်မဖျက်တာ

တစ်နေ့တာကုန်ဆုံးတဲ့အခါ အထူးသဖြင့် မိတ်ကပ်လိမ်းထားရင် အသားအရေကို သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ တစ်ညလုံး မိတ်ကပ်လိမ်းထားရင် ချွေးပေါက်ထဲမှာ အဆီတွေနဲ့ ဘက်တီးရီးယားတွေကြောင့် ယားယံမှုကို ဖြစ်စေပါတယ်။ မိတ်ကပ်မလိမ်းရင်တောင် အညစ်အကြေးတွေ၊ ပတ်ဝန်းကျင်အဆိပ်အတောက်တွေနဲ့ ပိုးမွှားတွေကို ဖယ်ရှားဖို့ မျက်နှာကို ဆေးကြောသင့်ပါတယ်။

Moisturizer မသုံးတာ

အသားအရေကို အိုမင်းရင့်ရော်စေတဲ့ အဓိကအရာတွေထဲကတစ်ခုက အသားအရေခြောက်တာပါ။ အဆီပြန်တဲ့အသားအရေ ရှိရင်တောင်မှ အစိုဓာတ်ထိန်းပေးဖို့ လိုပါသေးတယ်။

အရက်အလွန်အကျွံသောက်တာ

အရက်အလွန်အကျွံသောက်တဲ့အခါ အရက်က ရေဓာတ်ခန်းခြောက်စေပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့ အသားအရေဟာ အချိန်ကြာလာတာနဲ့အမျှ ပျက်စီးလာပြီး အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်စားတာ

ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်များလွန်းတဲ့အစားအစာတွေက အသားအရေကိုဆိုးဝါးစေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။