အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာကျွမ်းကျင်မှုတော့ မဖြစ်မနေ လိုအပ်ကြစမြဲပါ။ အလုပ်ကြီးကြီးလုပ်လေလေ နက်နက်ရှိုင်းရှိုင်း ကျွမ်းကျင်တတ်မြောက်ဖို့လိုအပ်လေလေပါပဲ။

နည်းပညာကျွမ်းကျင်ပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ်ဆိုရင် အခုပြောတဲ့ အိုင်တီအလုပ်အကိုင်တွေက လစာမြင့်ပါတယ်။

(၁) Designer

ကမ္ဘာပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဆိုတဲ့ အလုပ်ခေါ်စာများထဲမှာ ဒီဇိုင်နာများလည်းပါဝင်ပါတယ်။ ဒီဇိုင်နာဆိုတဲ့ခေါင်းစဉ်အောက်မှာမှ UX Engineer ၊ Visual Designer ၊ Motion Designer ၊ Interaction Designer ၊ Industrial Designer စသည်ဖြင့် အမျိုးစုံအောင်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ Graphic Designer တစ်ယောက်ရဲ့ ပျမ်းမျှလစာဟာ တစ်နှစ်ကို ဒေါ်လာ ၄၀၀၀၀ နဲ့ ၅၀၀၀၀ ကြား ရှိပါတယ်။

နိုင်ငံခြားအိုင်တီ ကုမ္ပဏီတစ်ခုမှာ Designer တစ်ယောက်အဖြစ် အလုပ်ဝင်ချင်သူတွေဟာ UI Design ၊ Graphic Design ၊ Web Design ၊ Photoshop ၊ Illustrator ၊ Information Architecture နဲ့ Art Direction စတဲ့ ပညာတွေ တတ်ထားသင့်ပါတယ်။

(၂) အင်ဂျင်နီယာ

လစာမြင့်တဲ့ အလုပ်အကိုင်တွေထဲမှာ အင်ဂျင်နီယာတွေလည်း ပါပါတယ်။ အင်ဂျင်နီယာမှာလည်း ဆောက်လုပ်ရေး ၊ လျှပ်စစ် ၊ ဗိသုကာ ၊ စက်မှု စသည်ဖြင့် ရှိသလို ကွန်ပျူတာ ပရိုဂရမ်ပိုင်း ၊ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ စသည်ဖြင့် အများကြီး ရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်း ပေါပါတယ်။

(၃) ထုတ်ကုန်မန်နေဂျာ

Product နဲ့ Service ပိုင်း ကိုင်တွယ်ရတဲ့ အလုပ်တွေဖြစ်ပြီး ဦးဆောင်နိုင်စွမ်း ၊ ဖောက်သည်ဝန်ဆောင်မှု ၊ ဈေးကွက်ဗျူဟာနဲ့ ဆက်ဆံရေးစတဲ့ အရည်အသွေးတွေ အများကြီးလိုပါတယ်။ နိုင်ငံခြားမှ မဟုတ်ပါဘူး။ ဒီအလုပ်တွေဟာ ပြည်တွင်းမှာပါ လစာအမြင့်နဲ့ အပြိုင်ခေါ်နေကြတာ ဖြစ်လို့ကိုယ့်ဘက်က အရည်အသွေးနဲ့အတွေ့အကြုံတွေ ပြည့်ဝနေဖို့လိုပါတယ်။

(၄) Data Scientist

ဒီအလုပ်က မြန်မာနိုင်ငံအတွက် အသစ်ပါ။ ဒါပေမယ့် တကယ့်ကို အရေးပါလာမယ့် အလုပ်အကိုင်ဖြစ်ပြီး သုတေသနဲ့ဆန်းသစ်မှုပိုင်း သွားဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အလုပ်အကိုင်ပါ။ Data Science ဆိုတာကတော့ အချက်အလက်စနစ်ကို သိပ္ပံနည်းကျကျ သရုပ်ပြခွဲခြမ်း စိတ်ဖြာလေ့လာတဲ့ ပညာမျိုးဖြစ်ပါတယ်။ ဒေတာ အင်ဂျင်နီယာတစ်ဦးဟာ ဒေတာတစ်ခုရဲ့ အလားအလာကို တွက်ချက်လေ့လာပြီး အဖွဲ့အစည်းအတွက် အရေးပါတဲ့ အချက်အလက်များထုတ်နှုတ်ပေးရသလို နောက်လာမယ့် သုတေသနနဲ့ဖွံ့ဖြိုးမှုကဏ္ဍများအတွက်လည်း ပုံစံချပေးရပါတယ်။

လုပ်ငန်းကြီးတွေမှာဆိုရင် အရေးပါတဲ့ ရာထူးတစ်မျိုးဖြစ်ပြီး စာရင်းဇယားနဲ့ကိန်းဂဏန်းများကို သုံးသပ်ရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။ ၂၁ ရာစုလို သတင်းအချက်အလက်ခေတ်ကြီးအတွက် သတင်းအချက်အလက် စီစစ်မှု ၊ တွက်ချက် သုံးသပ်မှု ၊ အလားအလာနဲ့အနာဂါတ်များအကြောင်း ကြိုတင်ဟောကိန်းထုတ်နိုင်မှုဟာ အရေးပါသထက်ပါလာသလို Data Scientist တစ်ယောက်ရဲ့ အလုပ်အကိုင်နေရာဟာလည်း အလွန့်ကို အရေးပါလာပါတယ်။