သာမန်မိတ်ဆွေ အများစုက သင့်ဆီကို လိုရင်လာပြီး မလိုတော့ရင် ပြန်ထွက်သွားတတ်ကြပါတယ်။ အရေအတွက်ထက် အရည်အသွေးကို ပိုအသားပေးသင့်ကြောင်း အကြံပေးစကားတွေကို သင်ကြားဖူးမှာပါ။ သင့်ဘဝမှာ မိတ်ဆွေ များများစားစား မရှိခဲ့ရင်တောင် အယုံကြည်ရဆုံး သူငယ်ချင်း အစစ် တစ်ယောက်နှစ်ယောက်လောက်က မစစ်မှန်တဲ့ မိတ်ဆွေပေါင်း ၁၀၀ ထက် ပိုသာပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်ဘဝမှာ ပိုင်ဆိုင်ထားသင့်တဲ့ သူငယ်ချင်း အမျိုးအစားတွေကို ဖော်ပြပါရစေ။ သင့်ဘဝရဲ့ နေ့ရက်တွေကို စစ်မှန်တဲ့သူတွေနဲ့ပဲ ကုန်ဆုံးသင့်ပါတယ်။ ဒီတော့ ဘယ်လိုသူငယ်ချင်းတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-
၁။ ယုံကြည်အားထားရတဲ့ သူငယ်ချင်း
ဘဝမှာ ကိုယ့်အားနည်းချက်၊ ကိုယ့်ပုံစံ အစစ်အမှန်ကို ချပြလို့ရတဲ့ မိတ်ဆွေစစ်တစ်မျိုးတော့ ရှိထားသင့်ပါတယ်။ သင့်အလုပ်၊ သင့်မိသားစုအကြောင်း၊ သင့်အကြောင်းတွေကို ယုံယုံကြည်ကြည် တိုင်ပင်ဖွင့်ပြောနိုင်မယ့် သူငယ်ချင်းမျိုးက ရတနာတစ်မျိုးပါပဲ။ သင့်ပြဿနာတွေကို သဘောပေါက်ပြီး စိတ်တူကိုယ်တူ နားထောင်ပေးမယ့် သူငယ်ချင်းတွေ ရှိသင့်ပါတယ်။ တချို့မိတ်ဆွေတွေက သင့်ကို အားပေးနေပေမယ့် ဘယ်လိုမှ စိတ်ပြန်မပျော်တာမျိုး ရှိတတ်ပါတယ်။ သူငယ်ချင်းအစစ်အမှန်တွေကတော့ သင့်ခံစားချက်ကို နားလည်ပေးပြီး အားပေးတတ်ပါတယ်။
၂။ တူတူပေါလို့ ရမယ့် သူငယ်ချင်း
လူတိုင်းလိုလို မှာ ပေါတောတော ပုံစံလေးတွေ ပိုင်ဆိုင်ထားတတ်ပါတယ်။ ဘဝမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ရတတ်တာမို့ ခဏတစ်ဖြုတ် အတူတူပျော်နိုင်မယ့်၊ စိတ်ချလက်ချ တူတူ ပေါနိုင်မယ့် သူငယ်ချင်းမျိုးကို လိုအပ်ပါတယ်။ သင့်ကို ပျော်အောင် လုပ်ပေးနိုင်မယ့် သူငယ်ချင်းတွေက မရှိမဖြစ်ပါပဲ။
၃။ သင့်စိတ်ကို ကြည်လင်စေမယ့် သူငယ်ချင်း
သင့်ကို အကြံပေးနိုင်ပြီး ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကူပေးနိုင်မယ့် မိတ်ဆွေတွေကိုလည်း လိုအပ်ပါတယ်။ ဒီလိုသူငယ်ချင်းမျိုးက များသောအားဖြင့် သင့်ထက် အသက်အရွယ်အရ ပိုကြီးသူတွေ ဖြစ်ပြီး ဘဝကို စွန့်စွန့်စားစား ဖြတ်သန်းတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ဘဝမှာ ကြုံရတာတွေကို အခြေခံပြီး သင့်ကို အကြံပေးကာ သင့်စိတ်ကို ရှင်းလင်းစေသူတွေ ဖြစ်ပါတယ်။
၄။ သင့်ဘဝပန်းတိုင်တွေကို ပြီးမြောက်အောင်မြင်စေသူ
လေ့လာမှုတွေအရ အလုပ်ခွင်မှာ မိတ်ဆွေရှိသူက အလုပ်တွေ ပိုပြီးစေတယ်လို့ သိရပါတယ်။ လူတစ်ယောက်အနေနဲ့ အလုပ်လုပ်ဖော်ရှိတဲ့အခါ ပိုခွန်အားရကာ အလုပ်ပိုပြီးပါတယ်။ သင့်အနေနဲ့ အလုပ်မှာ ဖိအားများတဲ့အခါ သူတို့နဲ့ တိုင်ပင်နိုင်ပြီး သင့်ဖိအားတွေကိုပါ အလုပ်ခွင်မိတ်ဆွေတွေက မျှဝေခံစားပေးပါလိမ့်မယ်။
၅။ အခင်ဆုံး သူငယ်ချင်း
Best Friend လို့ ခေါ်တဲ့ ဘဝမှာ အခင်ဆုံး သူငယ်ချင်းတွေကတော့ မရှိမဖြစ်ပါပဲ။ သင့်ကို ဘယ်တော့မှ မလိမ်တဲ့ သင်လိုအပ်တိုင်း အနားမှာ အမြဲရှိပေးတဲ့ Best Friend က ဘဝမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်တွေထဲ ပါဝင်ပါတယ်။
သင့်ဘဝမှာ ဒီလိုသူငယ်ချင်းတွေ ပိုင်ဆိုင်ထားပြီလား။ သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ Mention ခေါ်သွားဦးနော်။
Source: Brightside
By MyStyle Myanmar