သင်က သင့်ခန္ဓာကိုယ်ပေါ်က ညိုနေတဲ့ နေရာတွေကို သတိထားမိတတ်လား။ များသောအားဖြင့် အသားညိုတဲ့ အာရှသူတွေက ဒူးနေရာ၊ တံတောင်နေရာ၊ ဂျိုင်းနေရာတွေ ညိုတတ်ပါတယ်။ ပြောရရင် တခြားလူမျိုးထက် ပိုပြီး Melanin ထုတ်လေ့ရှိပါတယ်။ သင့်အနေနဲ့ ဂျိုင်းမည်းတာကြောင့် ကြားဖူးသမျှ နည်းလမ်းတွေကို လိုက်လုပ်မနေသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနည်းလမ်းနဲ့ ကိုယ်က မတည့်ရင် ဂျိုင်းပိုမည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေ ရှိတဲ့ အကြောင်းအရင်းတွေကို သိမှ မည်းတာကို တိတိကျကျ လျှော့ချနိုင်မှာပါ။

ဒီတော့ ဘယ်လိုအရာတွေက ဂျိုင်းညိုမည်းစေလဲ ကြည့်လိုက်ရအောင်-

၁။ မျိုးရိုးဗီဇ

ကိုယ့်ရဲ့ မျိုးရိုးက ဂျိုင်းညိုတတ်တဲ့ မျိုးရိုးဆိုရင် ညိုမှာပါပဲ။ နဂိုတည်းက အသားညိုတတ်တဲ့ အမျိုးအနွယ်ကနေ ဆင်းသက်လာလို့ ဖြစ်နိုင်ပါတယ်။ ကမ်းခြေသွားရင် မည်းတဲ့ နေရာတွေက ပိုတောင် မည်းနိုင်ပါသေးတယ်။ ဒါကြောင့် မည်းနေတဲ့ နေရာတွေကို Sunscreen လိမ်းပေးသင့်ပါတယ်။

၂။ ပွတ်တိုက်မှု

ဂျိုင်းမည်းတာ အပြင် ဒူးမည်းတာတွေဟာ အရာဝတ္ထုပစ္စည်းတွေနဲ့ ပွတ်တိုက်တာ များတဲ့အခါ ဖြစ်လာတတ်ပါတယ်။ ဂျိုင်းမည်းတာဆိုရင် Waxing လုပ်တာ၊ ဂျိုင်းမွှေးနှုတ်တာ၊ ရိတ်တာ၊ အင်္ကျီအကျပ်တွေကိုပဲ အမြဲဝတ်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

၃။ အရေပြား ပိုးဝင်တာ

ရာသီဥတု ပူတဲ့နေရာတွေမှာ နေထိုင်ရသူတွေဟာ ဂျိုင်းချွေးထွက်တာကြောင့် ပိုးဝင်ဖို့ အခွင့်အရေး ပိုများနိုင်ပါတယ်။ ဘတ်တီးရီးယားတွေ ဂျိုင်းပေါ် ရှိတဲ့အခါ ဂျိုင်းပိုမည်းလာတတ်ပါတယ်။ ဒီနေရာက နူးညံ့တဲ့ အသားအရေ ဖြစ်တာကြောင့် ပျော့တဲ့ Cleanser တွေကို သုံးသင့်ပါတယ်။

၄။ Product ပစ္စည်းတွေကြောင့်

ကိုယ့်ဂျိုင်းနဲ့ အဆင်ပြေမယ့် Product ကို ရှာရတာက ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အရက်ပြန်ပါတဲ့၊ မွှေးရနံ့များတဲ့ Product တွေကိုတော့ ရှောင်သင့်ပါတယ်။ ဒါတွေကြောင့် ဂျိုင်းမည်းနိုင်ပါတယ်။ အနံ့မပါတဲ့၊ ဓာတ်မတည့်တာ နည်းတဲ့၊ ဖြူစေတဲ့ ပစ္စည်းမပါတဲ့ Product မျိုးကို ရွေးသင့်ပါတယ်။ Roll-on တွေ Stick တွေထက် Deodorant Spray ကို ပိုသုံးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ Roll-on တွေက ဂျိုင်းကို ခဏခဏ ပွတ်ပေးရတာမို့ မည်းလာနိုင်လို့ပါ။

၅။ ဆေးနဲ့ ပတ်သက်တဲ့အခြေအနေတွေကြောင့်

အဝလွန်တာ၊ ဆီးချို၊ လည်ပင်းကြီးရောဂါ၊ ဟော်မုန်းမညီညွတ်တာတွေကြောင့်လည်း ဂျိုင်းမည်းနိုင်ပါတယ်။ ဒီလို အခြေအနေတွေကြောင့်ဆိုရင်တော့ သက်ဆိုင်ရာ အရေပြား ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဒီလိုပဲ ဂျိုင်းပေါ်ကို DIY ပစ္စည်းတွေ မတင်သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar