မင်္ဂလာပါ ပျိုမေတို့ရေ။ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် ဝိတ်ခဏခဏပြန်တက်လာလို့ စိတ်ညစ်နေမယ့်အစား အမြန်ဆုံး ဝိတ်ကျပီးကိုယ်ရည်စစ်အောင် ပြုလုပ်လို့ရတဲ့နည်းလမ်းတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ သင့်အနေနဲ့ ဖော်ပြထားတာတဲ့နည်းတွေကို ရေရှည်အကျင့်လုပ်ပေးမယ်ဆိုရင် တော်ရုံနဲ့ဝိတ်မတက်တဲ့အပြင် အဆီပိုမရှိတဲ့ကျစ်ကျစ်လျစ်လျစ်ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ရမှာသေချာပါတယ်နော်။ ဒီတော့ ထိထိရောက်ရောက်ဝိတ်ကျစေတဲ့ နည်းလမ်းကောင်းတွေကို ကြည့်လိုက်ရအောင်။
၁။ ရေများများသောက်ခြင်းက အထောက်အပံ့တစ်ခုပါပဲ
ခန္ဓာကိုယ်လှဖို့ပြုလုပ်ရအလွယ်ဆုံးအရာတစ်ခုကတော့ ရေများများသောက်ခြင်းပါပဲ။ ရေသောက်တာကသင့်ကို ကိုယ်တွင်းအဆိပ်အတောက်ပျယ်စေပြီး ဗိုက်ထွက်ပြီး Bloating ဖြစ်တာကိုသက်သာစေပါတယ်။ ရေကိုဒီတိုင်းမသောက်ချင်တဲ့သူတွေအနေနဲ့ သံပယိုသီး၊ သခွားသီး၊ Mint စတာတွေထည့်ပြီး Detox Water အဖြစ်လည်းသောက်နိုင်ပါတယ်။
၂။ လေ့ကျင့်ခန်းလုပ်ခြင်းကို နေ့စဉ်ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားပါ
လှုပ်လှုပ်ရှားရှားနေပြီး ပုံမှန်လေ့ကျင့်ခန်းအတွက် အချိန်ပေးနိုင်မှ ကယ်လိုရီနဲ့အဆီတွေကျပြီး တော်ရုံနဲ့ဝိတ်မတက်တဲ့ ခန္ဓာကိုယ်လေးကို ရရှိမှာပါ။ ဒါကြောင့် တစ်နေ့တာမှာ နာရီဝက်လောက်ပုံမှန် လေ့ကျင့်ခန်းလုပ်တတ်တဲ့အကျင့်ကိုမွေးမြူပေးပါ။
၃။ ကျန်းမာရေးနဲ့ညီတဲ့ အလေ့အကျင့်တွေ ပြောင်းလဲမွေးမြူပါ
ရိုးရှင်းပြီး ကျန်းမာရေးနဲ့ညီတဲ့ အလေ့အကျင့်တွေပြောင်းလဲပြုလုပ်ပေးတာကလည်း သင့်ကိုဝိတ်ထိန်းနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဥပမာ အဆီနည်းတဲ့အစားအစာတွေ ရွေးချယ်စားသုံးတာ၊ ညဘက်စောစောအိပ်ပေးတာနဲ့ အထိုင်များတဲ့နေ့တွေမှာ ၁၀ မိနစ်လောက်လမ်းထလျှောက်ပေးတာစတဲ့ အကျင့်လေးတွေ ပြောင်းလဲမွေးမြူကြည့်ပါ။ ကျန်းမာပြီး ကျစ်လျစ်တဲ့ခန္ဓာကိုယ်ကို အမြဲပိုင်ဆိုင်စေပါလိမ့်မယ်။
၄။ အစိမ်းရောင်ပါတဲ့အစားအစာ များများစားပါ
ဝိတ်ထိန်းထားဖို့ကြိုးစားတဲ့အခါ ရေရှည်အစားလျော့စားနေဖို့ မလွယ်တာကြောင့် အဲ့ဒီအစား အဆီနည်းပြီးလိုအပ်တဲ့ အာဟာရတွေပါဝင်တဲ့ အစိမ်းရောင်အသီးအရွက်တွေပါဝင်တဲ့အစားအသောက်တွေကို အဓိကထားပြီး ပိုစားပေးပါ။
၅။ ညဘက်သရေစာ စားတတ်တဲ့အကျင့်ကိုဖျောက်ပါ
ညဘက်သရေစာစားတာက သင့်ရဲ့ဝိတ်ချမယ့် Plan အတွက် အနှောက်အယှက်တစ်ခုပါပဲ။ အိပ်ချိန်နဲ့ကပ်ပြီး ညဘက်စားမိတဲ့အခါ သင့်ရဲ့အစာချေစနစ်ကို ကမောက်ကမဖြစ်စေတာကြောင့် ပုံမှန်အချိန်တွေထက်ဝိတ်ပိုတက်စေနိုင်ပါတယ်။
၆။ ပေါင်ချိန်စက်ကို အကျိုးရှိရှိအသုံးချတတ်ဖို့လိုပါတယ်
ဝိတ်ပုံမှန်ချိန်ပေးတာက သင့်ကိုတိုးတက်ပြောင်းလဲမှုရှိမရှိ သိလာစေပါတယ်။ ဝိတ်ချိန်လိုက်လို့ ပုံမှန်ထက် ကိုယ်အလေးချိန်တက်လာတာကို တွေ့တဲ့အခါ သင့်ကို ဝိတ်ပြန်ချဖို့ သတိပေးနေသလိုဖြစ်စေမယ့်အပြင် ဝိတ်ချနေတဲ့သူတွေအနေနဲ့လည်း ကိုယ်အလေးချိန်တဖြည်းဖြည်းကျလာတာကို ပေါင်ချိန်စက်မှာမြင်ရတဲ့အခါ ဝိတ်ဆက်ချဖို့ တွန်းအားတစ်ခုလို ဖြစ်စေပါလိမ့်မယ်။
Photo Source: Pinterest
By MyStyle Myanmar