ဒီနေ့ဆောင်းပါးလေးကတော့ MyStyle Myanmar စာဖတ်ချစ်ပျိုမေတို့ရဲ့ လက်တွဲဖော်တို့အတွက်ကို ရှားရှားပါးပါး ရည်ရွယ်ပြီး ရေးသားပေးထားတာဖြစ်ပါတယ်။ အိမ်ထောင်ရှင် အမျိုးသားတွေအနေနဲ့ အိမ်မှုကိစ္စတွေမှာ ဝင်လုပ်ပေးခြင်းဟာ မိန်းမချစ်ဆေးလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

လေ့လာမှုတွေအရ အိမ်သန့်ရှင်းရေး ကူလုပ်ပေးသူ ၊ အဝတ်လျှော် အဝတ်လှမ်းရာမှာ ကူဖော်လောင်ဖက်ဖြစ်သူ အမျိုးသားတွေကို အမျိုးသမီးတွေက ပိုသဘောကျတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေ သန့်ရှင်းရေး ဝင်လုပ်တဲ့ အမျိုးသားတွေကို ဆွဲဆောင်မှု ပိုရှိပြီး နှစ်လိုဖွယ်အဖြစ် သတ်မှတ်ကြတယ်လို့ ဆိုပါတယ်။ ဒီတွေ့ရှိချက်ကို ခေတ်ပြိုင်မိသားစုများ ကောင်စီကလည်း ထောက်ခံထားပါတယ်။

ဒီနေ့ခေတ်မှာ အမျိုးသမီးတွေဟာလည်း အချိန်ပြည့်အလုပ်ကို လုပ်နေရပြီ ဖြစ်လို့ ကလေးထိန်းတာ ၊ ထမင်းဟင်းချက်တာနဲ့ သန့်ရှင်းရေးလုပ်တာလိုမျိုး အိမ်တွင်းမှု ကိစ္စတွေမှာ လင်မယားအတူ လုပ်ရတာကို ပိုပြီး ကျေနပ်နှစ်သိမ့်ကြတယ်လို့လည်း မှတ်ချက်ချထားပါတယ်။

ချစ်မှုရေးရာနဲ့ အိမ်ထောင်ရေး ကျွမ်းကျင်စိတ်ပညာရှင်ဒေါက်တာဂေါ့တ်မန်ကတော့ ယောင်္ကျားသားတွေ အိမ်တွင်းရေးမှာ ဝင်ပါခြင်းကို အချစ်သင်္ကေတအဖြစ် မှတ်ယူကြပြီး အဲဒီလို ယောင်္ကျားတွေကို အမျိုးသမီးတွေက ပိုပြီး နှစ်သက်သဘောကျတယ်လို့ ဆိုပါတယ်။

တကယ်လို့ သင်ဟာ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး မိန်းမရဲ့အချစ်နဲ့ ယုယမှုကို လိုချင်တယ်ဆိုရင် အိမ်တွင်းမှုကိစ္စတွေမှာ အတူလုပ်ဖို့ အကြံပြုရတော့မှာ ဖြစ်ပါတယ်။