ဒီတစ်ခေါက်မှာတော့ အိမ်မှာနေရင်းနဲ့ အများကြီး ကြိုးစားစရာမလိုတဲ့ ဝိတ်ကျနည်းလမ်းတွေကို ဖော်ပြပါရစေ။ ဒါပေမဲ့ ဒီနည်းလမ်းတွေကို မပျက်မကွက် ပုံမှန်လုပ်သွားပေးမှ ဝိတ်ကျနိုင်မှာပါ။ ဖော်ပြပါ နည်းလမ်းတွေက ပျိုမေတိုင်းအတွက် လွယ်ကူတဲ့အပြင် ကုန်ကျစရိတ်သက်သာတဲ့ နည်းလမ်းတွေ ဖြစ်တာမို့ အားလုံးအတွက် အသုံးဝင်မှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ နေ့တိုင်း နီးပါး လေ့ကျင့်ခန်းလုပ်ပါ

သင့်အနေနဲ့ Trainer နဲ့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ဝိတ်ချရမှာမို့ YouTube က Workout Video တွေကို ပုံမှန်လုပ်ပေးရပါမယ်။ တစ်ပတ်မှာ အနည်းဆုံး ငါးရက်ဝန်းကျင် လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ YouTube က လေ့ကျင့်ခန်းတွေကို လုပ်နိုင်သလို စက်ဘီးစီးတာ၊ ပြေးတာ စတာတွေကိုပါ တွဲဖက်လုပ်နိုင်ပါတယ်။

၂။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ပိုစားပေးပါ

Diet လုပ်ရမှာ မဟုတ်ပေမယ့် ဝိတ်ကျချင်ရင် လေ့ကျင့်ခန်းအပြင် စားတာကိုပါ ဂရုစိုက်ဖို့ လိုပါတယ်။ အရင်ထက် အသီးအရွက်တွေကို ပိုစားပေးတာ၊ အခါကြီး ရက်ကြီးတွေမှာပဲ သကြား၊ အချိုဓာတ်များတဲ့ အစားအစာတွေကို စားတာ စတာတွေကို လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်တာကို နေ့တိုင်း လုပ်ရမှာပါ။

၃။ အိပ်ချိန်ကို မှန်အောင်ထားပါ

လူတစ်ယောက်မှာ အိပ်ချိန် ၇ နာရီကနေ ၈ နာရီ ရှိသင့်ပါတယ်။ သင်က ဒီထက် ပိုအိပ်တာမျိုးတော့ ရှောင်ရပါမယ်။ လိုတာထက် ပိုအိပ်ရင် ပျင်းရိသွားစေနိုင်ပါတယ်။ ဒါပေမဲ့ ၇ နာရီအောက် လျှော့အိပ်တာကတော့ ဝိတ်တက်စေနိုင်ပါတယ်။

၄။ ရေများများသောက်ပါ

တစ်ခါတလေ ဗိုက်ဆာနေတယ် ထင်ပေမယ့် တကယ်ဆာတာမဟုတ်ဘဲ ရေဆာတာ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဗိုက်ဆာတဲ့ အခါတိုင်း ရေများများ သောက်ကြည့်ပါ။ ရေသောက်ပေမယ့် ဗိုက်ဆာတုန်းပဲ ဆိုမှ အစာ စားသင့်ပါတယ်။

၅။ ရေအေးအေးနဲ့ ရေချိုးပါ

မနက်ပိုင်းမှာ ရေအေးနဲ့ ရေချိုးတာက ခန္ဓာကိုယ် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဝိတ်ကျစေနိုင်တယ်လို့ သိပ္ပံအထောက်အထားများအရ သိရပါတယ်။ သင်က ဒီလို လုပ်ဖို့လွယ်ရင် ရေအေးနဲ့ ရေချိုးတာကိုပါ ထည့်သင့်ပါတယ်။

၆။ ကိုယ်နေဟန်ထား မှန်ကန်အောင်နေပါ

ထိုင်ရင် ခါးမတ်မတ်ထိုင်တာ၊ လမ်းလျှောက်ရင် ကိုယ်နေဟန်ထား မှန်အောင် လျှောက်တာ စတာတွေက သင့်ဝမ်းဗိုက်ကို ပိုချပ်တယ် ထင်ရစေပြီး ပိုလည်း လှစေပါတယ်။ ဒါကြောင့် ဝိတ်ကျဖို့ ဒီအချက်ကိုပါ ထည့်သွင်း စဉ်းစားသင့်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar