သံပရိုသီးဖျော်ရည်ဟာ ဝိတ်ချနေတဲ့ သူတွေကြားမှာ အလွန်ရေပန်းစားကျော်ကြားတဲ့ အသီးပါ။ တချို့လူတွေကတော့ အရသာကိုကြိုက်လို့ သောက်ကြပြီး တချို့တွေကတော့ ကျန်းမာရေးအရ သောက်ကြတာလည်းရှိပါတယ်။

သံပရိုသီးဖျော်ရည်ဟာ ကျန်းမာရေးအတွက် အများကြီးအထောက်အကူပြုနိုင်တာ ပရိသတ်တွေလည်း သိထားပြီးဖြစ်မယ်ထင်ပါတယ်။ အခု သံပရိုသီးဖျော်ရည်ကို နေ့စဉ် ရက်ဆက်တိုက်သောက်ပေးရင် ရလာမယ့် အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။

ဝိတ်ချတာပိုလွယ်ကူမယ်

သံပရိုသီးမှာ တွေ့ရတဲ့ polyphenol antioxidants ဟာအစားအများကြီးစားတာကြောင့် ဝိတ်တတ်လာခြင်းကို လျှော့ချပေးနိုင်ပါတယ်။ သံပရိုသီးဖျော်ရည်ကို နေ့စဉ်သောက်ပေးနေတဲ့သူတွေဟာ ဝိတ်ကျတာ တခြားလူတွေထက် ပိုမိုမြန်ဆန်တာကိုလည်း တွေ့ရပါတယ်။

ရေဓာတ်ပိုမိုရရှိမယ်

ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့က ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ တစ်နေ့ကို ရေပမာဏ ၉၁-၁၂၅ အောင်စ အထိသောက်ပေးသင့်တယ်လို့ ပညာရှင်တွေက ပြောထားကြတယ်။ ဒါပေမယ့် ရေကိုပဲ သောက်နေစရာမလိုပါဘူး။ မိမိစားမယ့် အစားအစာတွေထဲကနေလည်း ရေဓာတ်ကို ရရှိနိုင်ပါတယ်။ တချို့လူတွေက ရေချည်းသက်သက် သောက်ရတာကို မနှစ်သက်ကြပါဘူး။ ဒါဆိုရင်တော့ သံပရိုသီးဖျော်ရည်ကို သောက်ပေးတာ အကောင်းဆုံးပါ။ အရသာလည်းရှိသလို ရေပိုသောက်ဖို့လည်း တွန်းအားပေးပါတယ်။

လုံလောက်တဲ့ ဗီတာမင်စီ ပမာဏရရှိမယ်

ဗီတာမင် စီဟာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တမျိုးပါ။ အသားအရေ ကျန်းမားရေအတွက်လည်း ဗီတာမင် စီကို လိုအပ်ပါတယ်။ လုံလောက်တဲ့ ဗီတာမင် စီပမာဏကို နေ့စဉ် စားသုံးပေးမယ်ဆိုရင် နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေ၊ လေဖြတ်ခြင်း နဲ့ သွေးတိုး ရောဂါတွေ ဖြစ်ခြင်းတို့ကို လျှော့ချပေးနိုင်ပါတယ်။ သံပရိုသီးမှာ ဗီတာမင်စီ ပမာဏ ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်။

ကျောက်ကပ်မှာ ကျောက်မတည်တော့ဘူး

ကျောက်ကပ်မှာ ကျောက်တည်တာကို လျှော့ချဖို့အတွက် citric acid များများစားသုံးပေးဖို့ လိုအပ်ပါတယ်။ သံပရိုသီးဟာ citric acid ဓာတ်ကြွယ်ဝတဲ့ အသီးပါ။ ပြီးတော့ ကျောက်ကပ် ကျန်းမာရေးအတွက် ရေလုံလောက်စွာသောက်ပေးဖို့လည်း လိုပါတယ်။ ဒါကြောင့် သံပရိုသီးဖျော်ရည်ဟာ ဆိုရင် ကျောက်ကပ်အတွက် အလွန်အသုံးဝင်တဲ့ ကျန်းမာရေး လက်စွဲလို့ ပြောလို့ရပါတယ်။