စိတ်ခံစားချက်တွေဟာ ဒီရေကဲ့သို့ပဲ အနိမ့်အမြင့်အတက်အကျ ဖြစ်လေ့ဖြစ်ထရှိကြစမြဲပါ။ တစ်ခါတစ်လေမှာ ခွန်အားတွေအပြည့်နဲ့တက်ကြွနေပေမယ့် တစ်ခါတစ်လေကျတော့လည်း ဘာဆက်လုပ်ရမလဲမသိအောင် ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေသလို ခံစားရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီလို သင်ကိုယ်သင် ပျောက်ဆုံးနေပြီလို့ခံစားရတဲ့အခါ အခုပြောမယ့်အရာလေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ရှာဖို့လိုပါလိမ့်မယ်။

(၁) ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါ

ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေခြင်းဟာ ကိုယ့်ကို လမ်းကြောင်းမှန် ၊ ဦးတည်ချက်မှန်ကို ပြန်ရောက်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ဖြတ်သန်းမှုနဲ့ လက်ရှိ ပစ္စက္ခအခြေအနေတွေကို ပြန်သုံးသပ်ကြည့်ပါ။ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ အားနည်းချက်တွေကို သေချာသိမှပဲ ရှေ့လျှောက် ပိုကောင်းတာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၂) အပြောင်းအလဲတွေလုပ်ပါ

ပြောင်းလဲမှုနဲ့အတွေ့အကြုံအသစ်တွေရဖို့ ကိုယ်မလုပ်သေးတဲ့အရာတွေကို Try ကြည့်သင့်ပါတယ်။ တစ်ခါမှမထိုင်ဖူးသေးတဲ့ ကော်ဖီဆိုင်အသစ်မှာ တစ်ယောက်တည်းသွားထိုင်တာမျိုး၊ မလုပ်ဖူးသေးတဲ့ အားကစားအသစ်အဆန်းတစ်ခု လုပ်ကြည့်တာမျိုး၊ တစ်ယောက်တည်း မြို့တစ်ပတ် ကားမောင်းထွက်တာမျိုး၊ မဆုံတာနှစ်ချီနေပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ ချိန်းတာမျိုး စသည်ဖြင့် ပုံမှန်လုပ်နေကျမဟုတ်တဲ့ အသစ်သစ်သောအရာတွေ လုပ်ဆောင်ခြင်းက သင့်စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။

(၃) အတွေးတွေထိန်းချုပ်ပါ

ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပြီလို့ ခံစားရတဲ့အချိန်မျိုးမှာ အရာအားလုံးက အပျက်သဘောဆောင်တဲ့ ခံစားမှုကိုသာ ဖြစ်စေပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်ပဲ စိတ်၏စေရာ လွှတ်ထားလိုက်ရင် အဆိုးဆုံးတွေပဲ ကြုံတွေ့ခံစားနေရမှာပါ။

ကိုယ့်ရဲ့ အတွေးတွေနှင့် ခံစားချက်တွေကို ထိန်းချုပ်နိုင်သူမှာ မိမိကိုယ်တိုင်သာ ဖြစ်တယ်ဆိုတာကို နားလည်လက်ခံထားဖို့ လိုပါတယ်။

(၄) ပန်းတိုင်တွေကိုမျှော်မှန်းကြည့်ပါ

ရည်မှန်းချက်တွေ ပျောက်နေရင်လည်း အလွယ်လေးနဲ့ စိတ်လေသွားနိုင်ပါတယ်။ ကိုယ့်ကို စိတ်အားထက်သန်မှုတွေ ပြန်ခေါ်ပေးနိုင်မယ့် ကိုယ့်မျှော်လင့်ချက်ပန်းတိုင်တွေကို ပြန်မော့ကြည့်လိုက်ပါ။

ဒါမှမဟုတ် ပန်းတိုင်သစ်တစ်ခုခု၊ အမြင်သစ်တစ်ခုခုနောက် လိုက်ပါ။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ပြန်နှိုးပေးမယ့် မောင်းနှင်အားတစ်ခုကို မွေးယူဖို့ ဖြစ်ပါတယ်။