နေ့စဉ်လူနေမှုဘဝမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ နေမှုထိုင်မှုအလွဲလေးတွေ လုပ်မိတတ်ပါတယ်။ တချို့အမှားတွေကတော့ သိလျက်နဲ့ မဖြတ်နိုင်လို့ လုပ်မိတာ (ဥပမာ-ညနက်တဲ့အထိ ဖုန်းသုံးတာ စသည်) ဖြစ်ပြီး တချို့တွေက သတိမထားမိဘဲ လုပ်နေမိတတ်တာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ မညီတဲ့ လုပ်ရပ်အမှားတွေ ရပ်တန်းက ရပ်ပြီး ကျန်းမာရေးကောင်းအောင် နေထိုင်ကြဖို့ လိုပါတယ်။ အခုတစ်ခေါက်မှာတော့ လူအများစု လုပ်မိတတ်ကြတဲ့ ကျန်းမာရေးအလွဲအမှားတွေအကြောင်း ပြောပြချင်ပါတယ်။
(၁) နေလောင်ခံတာ
နေရောင်အောက်မှာ ကြာကြာအနေများတာဟာ အရေပြားကျန်းမာရေးထိခိုက်နိုင်ပါတယ်။ နေလောင်ဒဏ်ကြောင့် အသားတွေ အညိုကွက်ထတာ ၊ အရေးအကြောင်းထင်တာတွေ ဖြစ်တတ်ပါတယ်။ နေမလောင်အောင် နေပါ။ နေပူတဲ့နေ့ အပြင်ထွက်မယ်ဆို ထီး ၊ ဦးထုပ် ၊ အင်္ကျီလက်ရှည် တစ်ခုခု ဝတ်ပြီး ထွက်ပါ။ ရေဓါတ်ဖြည့် Moisturiser သုံးတာ ၊ စတော်ဘယ်ရီ ၊ ထောပတ်သီး ၊ ဘယ်ရီ ၊ သခွား ၊ ခရမ်းချဉ်သီး ၊ ဆယ်လ်မွန် နဲ့ ဟင်းနုနွယ်ရွက်တွေ စားပေးသင့်ပါတယ်။
(၂) Body Posture မမှန်ခြင်း
ခေါင်းငုံ့ပြီး ဖုန်းကြာကြာသုံးတာ ၊ အထိုင်များပြီး လက်ပြင်ကုန်းတာ ၊ လှုပ်ရှားမှုနည်းတာမျိုးကို မှားယွင်းတဲ့ ကိုယ်နေဟန်ထား Bad Posture လို့ ခေါ်ပါတယ်။ နောက်ဆက်တွဲ ပြဿနာအနေနဲ့ နောက်ကျောနာတာ ၊ လှုပ်ရှားမှုနည်းပြီး အကြောအခြင်တွေ နာကျင်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ယောဂကစားတာက ကျောရိုးတွေ မတ်မတ်ဆန့်ဆန့်ဖြစ်ပြီး ကိုယ်နေဟန်ထား အချိုးကျပြေပြစ်လာနိုင်ပါတယ်။
(၃) အသောက်များခြင်း
အသောက်များခြင်းကြောင့် ကျန်းမာရေးပြဿနာတွေ တသီကြီး ဖြစ်တတ်တယ်ဆိုတာ လူတိုင်း သိကြပါတယ်။ သိသိကြီးနဲ့ မဖြတ်ချင်လို့ (မဖြတ်နိုင်လို့) လုပ်တာ များပါတယ်။ ရေရှည်မှာ ကင်ဆာလို သေလောက်အောင် ဆိုးဝါးတဲ့ရောဂါကြီးတွေအထိ ဖြစ်နိုင်လို့ ဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်။
(၄) အာဟာရ မမှန်တာ
အာဟာရပါဝင်မှုနည်းပြီး ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေ အစားများသူဟာ ရောဂါပေါင်းစုံ ဝင်တတ်ပါတယ်။ ပြုပြင်ထားတဲ့ အဆီတွေ (အကြော်စာ ၊ ဘီစကစ် ၊ ကိတ်မုန့်) ၊ တာရှည်အစားခံအောင် စီမံထားတဲ့ အစားအသောက်တွေ ၊ ဆား နဲ့ သကြား စတာတွေကို ရှောင်နိုင်သလောက် ရှောင်ဖို့ လိုပါတယ်။ကျန်းမာရေးနဲ့ ညီပြီး အာဟာရရှိတဲ့ အသီးအနှံ ၊ ဟင်းသီးဟင်းရွက် ၊ အစေ့အဆံနဲ့ အိုမီဂါသရီးကြွယ်ဝတဲ့ ငါးတွေ စားပေးဖို့ ပြောချင်ပါတယ်။