ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းကျ ကျေနပ်ပျော်ရွှင်နေဖို့ဆိုတာ သဘောထားမှန်ဖို့က အရေးကြီးဆုံးပါပဲ။ ပျော်ရွှင်တတ်တဲ့ သူတစ်ယောက်အဖို့ ပစ္စည်းဥစ္စာများများစားစား မလိုပါဘူး။ စိတ်ချမ်းသာချင်ရင် အရင်ဆုံး စိတ်ထားလေးမှန်ဖို့ လိုပါတယ်။

စိတ်ထားမှန်ဖို့အတွက် ကိုယ့်အတွေးတွေကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ စိတ်ချမ်းသာတဲ့သူ တစ်ယောက်ဖြစ်ဖို့အတွက် ဆိုရင် အခုပြောတဲ့ အတွေးလေးတွေက သင့်ရဲ့ နေ့စဉ်ဘဝထဲမှာ ပါသင့်ပါတယ်။

(၁) ပြီးခဲ့တာတွေ မေ့တတ်ပါစေ

ပျော်ရွှင်ဖို့အတွက် သော့ချက်တစ်ခုက မှတ်ဉာဏ်ဆိုးတွေ ချန်မထားတာပါပဲ။ ပျော်စရာကောင်းတဲ့ ၊ စိတ်ဆင်းရဲစရာအတိတ်တွေအကြောင်း တွေးနေမိရင် ဘယ်လိုမှ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။

အတိတ်ဆိုတာ ပျော်စရာနည်းနည်း ၊ နောင်တရစရာနဲ့ စိတ်မကောင်းဖြစ်စရာတွေက များများ ပုံစံခတ်ထားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ ပျော်ဖို့ဆို အခုချိန်လေးမှာပဲ နေတဲ့အကျင့် မွေးထားပါ။

(၂) ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်ပါ

ဂရိသမိုင်းပညာရှင် သုဆိုက်ဒီးဒက်စ်က ပြောဖူးပါတယ်။ “ပျော်ရွှင်ဖို့ လျှို့ဝှက်ချက်က လွတ်လပ်မှုပါပဲ။ လွတ်လပ်မှုရဲ့ လျှို့ဝှက်ချက်က သတ္တိဖြစ်ပါတယ်” တဲ့။ ပျော်ချင်ရင် ကိုယ့်ဘာသာရပ်တည်နိုင်တဲ့ အစွမ်းလိုပါတယ်။

ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ ဘယ်သူ့ပေါ်မှ မမှီခိုသင့်ပါဘူး။ ကိုယ်ပျော်ဖို့ ကိုယ်တိုင်ရွေးပါ။ ကိုယ့်ပျော်ရွှင်ချမ်းသာမှုဟာ ကိုယ့်ရဲ့ တာဝန်ပဲ ဖြစ်ဖို့ လိုပါတယ်။

(၃) လူတွေနဲ့ ခင်မင်တဲ့ ဆက်သွယ်ရေး တည်ဆောက်ပါ

ခင်မင်ရင်းနှီးခြင်းက ဘဝရဲ့ လမ်းကြောင်းတွေကို ပိုပြီး ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ဖို့ အကြောင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရင်းနှီးမှုနဲ့ ခင်မင်ခြင်းဆိုတဲ့ သံယောဇဉ်ထုံးဖွဲ့မှုတွေဟာ ကြည်နူးစရာကောင်းပြီး စိတ်ချမ်းသာတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုပေါ်ပေါက်စေတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ပျော်ချင်တယ်ဆိုရင် မိတ်ဆွေဖွဲ့ပါ။ လူတွေနဲ့ ခင်ခင်မင်မင် နေထိုင်ပါ။

(၄) ကိုယ့်မှာရှိတဲ့ လက်ဆောင်ကောင်းတွေကို တန်ဖိုးထားပါ

ကိုယ့်မှာ ရှိပြီးသားအရာတွေကို ကျေနပ်ပျော်ရွှင်မှု မရှိတဲ့သူတွေဆီကို ပျော်ရွှင်မှုက ဘယ်တော့မှ အရောက်လာမှာ မဟုတ်ပါဘူး။ ကျေးဇူးတင်တတ်မှသာ ပျော်ရွှင်ဖို့ ပိုပြီး လွယ်ကူစေတာ ဖြစ်ပါတယ်။

တစ်ခါတလေ ကိုယ့်မှာရှိထားတဲ့ ကောင်းမွန်တဲ့အရာတွေကို ကျေးဇူးတင်ဖို့ မေ့နေတာကြောင့် မပျော်မရွှင်ဖြစ်ရတာ ရှိပါတယ်။ ဒီလိုဖြစ်တတ်တာကြောင့် မပျော်နိုင်တဲ့အချိန်မျိုးမှာ ကိုယ့်မှာ ရှိတဲ့ ချီးကျူးစရာကောင်းတဲ့အချက်လေးတွေပြန်စဉ်းစားကြည့်ပေးဖို့ လိုပါတယ်။

(၅) ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲကြည့်ပါ

ပျော်ရွှင်ချင်ရင် ကိုယ့်ကို မပျော်မရွှင်ဖြစ်စေတဲ့ အကျင့်ဆိုးတွေ ဖျောက်ပစ်ပါ။ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် ပြောင်းလဲပါ။ လူတစ်ယောက်ပျော်ရွှင်ဖို့အတွက် အရေးကြီးဆုံးအရာက ကိုယ့်ကို မပျော်အောင် ပိတ်လှောင်ထားတဲ့ဘောင်တွေထဲကနေ ခွဲထွက်ပြီး အမြင်သစ် အသွင်သစ်နဲ့ ရှေ့ဆက်ဖို့ဆိုတဲ့ အချက်ပါပဲ။

ဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာ ကျင့်သုံးသွားမယ်ဆိုရင် ပိုပြီးပျော်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။