မဂ်လာပါနော် MyStle အမာခံပရိတ်သတ်တို့ရေ..တခါတလေလူတော်တော်များများက တစ်ချို့မိန်းကလေးတွေက အမြဲတမ်း ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေတတ်တာကိုမြင်ရတဲ့အခါ သူတို့ဆီမှာစိတ်ညစ်စရာတွေမရှိဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ ဘဝကို အမြဲတမ်း ပျော်ပျော်ဖြတ်သန်းနေကြတဲ့ သူတို့တွေဆီမှာ လူတွေမသိအောင်လို့ဖုံးကွယ်ပြီး ခံစားနေရတဲ့ခံစားချက်တစ်ချို့ရှိနေတတ်ပါတယ်နော်။ နောက်တချက်က အဲဒီခံစားချက်တွေကို ဖုံးကွယ်မေ့ပျောက်ထားချင်လို့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေကြတာလည်း ဖြစ်နိုင်ပါတယ်။
ကဲ..ဘယ်လိုခံစားချက်တွေ စိတ်ညစ်စရာတွေကိုဖုံးကွယ်ပြီး ပျော်ပျော်နေတတ်တဲ့ကောင်မလေးတွေအဖြစ်ဖြတ်သန်းကြလဲဆိုတာကို အတူတူဖတ်ကြည့်လိုက်ရအောင်နော်

ခက်ခဲတဲ့အချိန်တွေ

လူတိုင်းမှာ သူ့အခက်အခဲနဲ့ သူရှိတတ်ကြပါတယ်။ ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတွေမှာတော့ အခက်အခဲဆိုတာရှိမှာမဟုတ်လောက်ဘူးလို့ သင်ထင်ရင် သင်မှားပါတယ်နော်။ ဘာလို့လဲဆိုတော့ အဲဒီလိုကောင်မလေးတွေက ဘယ်တော့မှ သူတို့ရဲ့အခက်ခဲတွေ ၊ ပင်ပန်းရုန်းကန်နေရတာတွေကို ဘယ်သူ့ကိုမှ မသိစေချင်တဲ့အတွက် အမြဲပျော်နေတတ်ပြီး ပေါ့ပါးနေတတ်တဲ့သူအဖြစ်ပဲ ပြတတ်ကြပါတယ်။ ဒါကြောင့် ဘယ်လိုခက်ခဲတဲ့ကိစ္စတွေပဲ ရှိလာခဲ့ရှိလာခဲ့ ဘယ်သူ့ကိုမှ အပူမပေးတတ်သလို ကြိတ်ဖြေရှင်းတတ်ကြတဲ့သူတွေပဲဖြစ်တယ်။ ဒါကြောင့် အမြဲတမ်းလွတ်လပ်ပျော်ရွှင်စွာနေတတ်တဲ့ကောင်မလေးတွေဆီမှာလည်း ခက်ခဲတဲ့အချိန်ဆိုတာ ရှိပါတယ်နော်။

ရင်နာစရာကောင်းလွန်းတဲ့အတိတ်

နာကျင်စရာကောင်းပြီးရင်နာခဲ့ရတဲ့ အတိတ်ဆိုးတွေက အမြဲတမ်းပျော်ပျော်နေနေတတ်တဲ့ကောင်မလေးတွေဆီမှာ ရှိခဲ့ဖူးတယ်ဆိုတာသိပါသလား။ ဒီလိုအတိတ်ဆိုးတွေကို တွေးမိတိုင်း ပြန်ပြီးနာကျင်ခံစားရမှာစိုးတဲ့အတွက် ကိုယ့်ကိုယ်ကိုပျော်အောင်နေတတ်အောင် ကြိုးစားနေတာပဲဖြစ်ပါတယ်နော်။ တကယ်တော့ ဒီလိုနာကျင်စေတဲ့မကောင်းတဲ့ အတိတ်တွေကြားမှာ ပိတ်မိပြီး မရှင်သန်ချင်တော့လို့ ဘဝကိုပေါ့ပါးပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

အနာဂါတ်အိပ်မက်တွေ

သူတို့လေးတွေဟာ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေကြပေမယ့် တနေ့ ဘာဖြစ်ရမလဲဆိုတဲ့ ပန်းတိုင် ရည်မှန်းချက်တွေထားရှိကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဘယ်တော့မှ အလွယ်တကူအရှုံးမပေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချထားတတ်ကြတဲ့အတွက် ပြသနာတိုင်းကိုလည်း အကောင်းဆုံးဖြေရှင်း ဖြတ်သန်းတတ်ကြတဲ့သတွေဖြစ်ပြန်ရော။ နောက်ပြီး ဘယ်လိုကိစ္စမျိုးကိုမဆို အပြုံးမပျက်ရင်ဆိုင်ပြီး လိုချင်တဲ့ အိပ်မက်တွေဆီ ရှေ့ဆက်မယ့် မျှော်လင့်ချက်တွေ ရှိနေတဲ့ အတွက်ပါပဲ။ တကယ်တော့ သူတို့လေးတွေဟာ သူတို့ဘေးကလူတွေကို ပျော်ရွှင်စေသလို ဘဝကိုလွတ်လပ်ပျော်ရွှင်စွာ ဖြတ်သန်းတတ်ကြသူတွေပဲ ဖြစ်ပါတယ်နော်။

နာကျင်ခံစားခဲ့ရတဲ့အချိန်တွေ

လူတွေအမြင်မှာတော့ သူတို့တွေဟာ ပေါ့ပေါ့ပါးပါးနေတတ်တယ်၊ ဘာကိုမှ သိပ်မတွေးတတ်ဘူးလို့ ထင်ကောင်းထင်တတ်ကြပါလိမ့်တယ်။ ဒါပေမယ့် သူတို့တွေရင်ထဲမှာတော့ ဘယ်သူ့ကိုမှ မပြောပြဖြစ်တဲ့ ဒဏ်ရာတွေဒဏ်ချက်တွေ အမြောက်အများခံစားခဲ့ရတဲ့အချိန်တွေများစွားရှိပါတယ်နော်။ တစ်ခါတစ်လေ အရမ်းကိုနာကျင်ခံစားရတဲ့အချိန်တွေ အရမ်းခက်ခဲတဲ့အချိန်တွေရှိပေမယ့်လို့ တစ်ယောက်တည်းတိတ်တိတ်လေး အခန်းတံခါးပိတ်ငိုရင်း ဖြေသိမ့်တတ်ကြပြီး ခံစားချက်တွေကို တစ်ခြားသူမမြင်အောင် သော့ခတ်သိမ်းထားလိုက်တတ်ကြပါတယ်။ လူတွေအမြင်မှာတော့ သူတို့ဟာ ဘယ်လိုကိစ္စမျိုးကိုမဆို ပေါ့ပေါ့ပါးပါးနဲ့လွယ်လွယ်ကူကူလေးပဲ ဖြတ်သန်းတတ်တဲ့ ကောင်မလေးတွေအဖြစ်နဲ့ မြင်တတ်ကြတာပေါ့နော်။

စာဖတ်ပရိတ်သတ်တွေထဲမှာလည်း အခုလိုပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူတွေလည်းရှိကြတယ်ဟုတ်? ဒါဆိုရင် ဒီအချက်တွေထဲမှာ ဘယ်အချက်တွေနဲ့ တူညီကြလဲဆိုတာ ပြောပြပေးခဲ့ပါအုံးနော်….