အလုပ်မရှိတာကြာလာရင် စိတ်ဓာတ်ကျပြီး စိတ်ညစ်တာမျိုးတွေ အလိုလိုဖြစ်လာပါတယ်။ အလုပ်မရှိဘူးဆိုတာကိုတွေးပြီး Stress တွေပိနေတတ်ပါတယ်။ ဒီလိုအချိန်မှာ ဘာမှဆက်မလုပ်ပဲနေလိုက်ရင် ပျင်းလည်းပျင်းလာမယ်၊ ဘာမှလုပ်ချင်စိတ်မရှိတော့ပဲ ကိုယ့်ဘဝကိုစိတ်ကုန်လာမယ်။ ဟိုတွေးဒီတွေးနဲ့ တစ်ချိန်လုံး စိတ်ညစ်နေတာမျိုးတွေ ဖြစ်လာပါမယ်။ ဒါကြောင့် အလုပ်လက်မဲ့ဖြစ်နေလို့ စိတ်ညစ်ပြီး Stress တွေများနေရင် ဒီအရာ ၆ ခုကို လုပ်ပေးကြည့်ပါ။

အလုပ်ရှာပါ

အလုပ်မရှိလို့စိတ်ညစ်နေရင် ထိုင်ပြီးညစ်နေမယ့်အစား အလုပ်ရှာလိုက်ပါ။ တစ်နေ့ကို ၃ ခု၊ ၄ ခုလောက်ရှာပြီး ဆက်သွယ်ကြည့်ပါ။ ရှားထားတဲ့အလုပ်တွေများနေရင် တစ်ခုမဟုတ်တစ်ခုကတော့ အဆင်ပြေသွားမှာပါ။ ဘာမှမလုပ်ပဲ ထိုင်ညစ်နေတာထက်စာရင် အလုပ်တွေရှာပြီး Try ကြည့်နေတာက ပိုအကျိုးရှိပါတယ်။

Exercise ပုံမှန်လုပ်ပါ

အလုပ်လက်မဲ့ဖြစ်လို့ စိတ်ညစ်ပြီး Stress တွေများနေရင် စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းသွားတတ်ပါတယ်။ ဒါကြောင့် အမြဲတမ်း Active ဖြစ်ပြီး လန်းဆန်းနေအောင်၊ ကိုယ်ရောစိတ်ပါ ကျန်းမာသွက်လက်နေအောင်၊ ပျင်းရိတာမျိုးတွေလည်းမဖြစ်အောင် Exercise လုပ်မယ့်အချိန်ကိုသတ်မှတ်ပြီး ပုံမှန်လုပ်ပေးပါ။

သူငယ်ချင်းတွေနဲ့လည်းအပြင်သွားပေးပါ

အလုပ်မရှိလို့ ကိုယ့်အခန်းထဲမှာပဲ ဟိုနေရာခွေ၊ ဒီနေရာခွေနဲ့ အတွေးတွေများပြီး စိတ်ညစ်နေမယ့်အစား သူငယ်ချင်းတွေနဲ့ အပြင်သွားပြီး စိတ်ကိုပျော်အောင်ထားလိုက်ပါ။ စိတ်ရောကိုယ်ပါ Relax ဖြစ်ပြီး ပျော်ရွှင်ရပါတယ်။

Activities တစ်ခုခုလုပ်ပါ

အလုပ်မရှိတဲ့အတွက် အိမ်မှာနေပြီး ကိုယ့်အတွက် အကျိုးရှိစေမယ့် Activities တစ်ခုခုကို လုပ်ပေးပါ။ ဥပမာ – စာဖတ်တာမျိုး၊ ကိုယ်ဝါသနာပါတာလေးတွေ တစ်ခုခုလုပ်နေတာမျိုးပါ။ ပြီးရင်တော့ စိတ်ပျော်စေဖို့အတွက် သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာတွေလည်း လုပ်ပေးပါ။ စာဖတ်တာကတော့ မဖြစ်မနေလုပ်ပေးသင့်ပါတယ်။

ပုံမှန်အိပ်ချိန်ထားပါ

အလုပ်လည်းသွားစရာမလိုဘူးဆိုပြီး ညဘက်တွေမအိပ်ပဲ မိုးလင်းခါနီးမှအိပ်တာမျိုး၊ ပြီးရင် တစ်နေကုန်မထပဲ နေ့လည်ရောက်မှ ထတာမျိုးတွေက လူကိုပိုပျင်းရိစေပါတယ်။ စိတ်ဓာတ်ကျတာမျိုးတွေ ပိုဖြစ်ပြီး စိတ်ညစ်နွမ်းစေပါတယ်။ ဒါကြောင့် အလုပ်မရှိလည်း ပုံမှန်အိပ်ချိန်ထားပြီး စောစောအိပ်၊ စောစောထ၊ လေ့ကျင့်ခန်းလုပ်ပေးသွားရင် စိတ်အခြေအနေလည်း အဆင်ပြေနေမှာပါ။

တစ်ခုခုကိုထပ်လေ့လာသင်ယူပါ

အလုပ်မရသေးသရွေ့ ဒီတိုင်းမနေပါပဲ။ ကိုယ့်အတွက်အကျိုးရှိစေမယ့် အရာတစ်ခုခု၊ ဒါမှမဟုတ် ကိုယ့်အလုပ်နယ်ပယ်နဲ့ပတ်သက်ပြီး တစ်ခုခုကို ထပ်လေ့လာသင်ယူပါ။ လေ့လာစရာမရှိရင် ဘာသာစကားတစ်ခုခုကို လေ့လာနေပါ။ ဒီလိုလုပ်ပေးခြင်းက ကိုယ့်အတွက် အများကြီးအကျိုးရှိစေပါတယ်။ စိတ်ခွန်အားလည်း ရစေပါတယ်။