ဆံကေသာက အဖျားနှစ်ခွဖြစ်ပြီး ကြမ်းတမ်းပျက်စီးနေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ သင်က သင့်ဆံကေသာကို သေသေချာချာဂရုမစိုက်လို့ ဆံကေသာ ပျက်စီးရခြင်းဖြစ်ပါတယ်။ ဒီလို ဆံကေသာ ကြမ်းတမ်းပျက်စီးလို့ စိတ်ညစ်နေရတဲ့သူများအတွက် ဆံကေသာကို ပြန်လည်ကျန်းမာလာစေမယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးချင်ပါတယ်။

ဒီအချက်လေးတွေကို ဂရုတစိုက်လိုက်နာမယ်ဆိုရင်တော့ သင့်ရဲ့ဆံကေသာက အရင်လို ပြန်လည်နူးညံ့လာမှာပဲဖြစ်ပါတယ်။

ပုံမှန်ခေါင်းလျှော်ပါ

ဆံပင်ကို နေ့တိုင်း လျှော်ခြင်း (သို့) နှစ်ပတ်လောက်နေမှ တစ်ခါသာလျှော်ခြင်းတို့သည် သင့်ဆံကေသာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ်တော့ လျှော်သင့်ပါတယ်။

ဆံပင်ပုံမှန်လျှော်ပေးခြင်းသည် ဦးရေပြားနှင့် ဆံကေသာတွင် ကပ်ငြိနေတဲ့ အညစ်အကြေးများ၊ ဆီများကို ဖယ်ရှားပေးပါတယ်။ တကယ်လို့ သင့်ဦးရေပြားက အဆီအရမ်းပြန်တဲ့ ဦးရေပြားဆိုရင်တော့ တစ်ရက်ခြားတစ်ခါခန့် လျှော်နိုင်ပါတယ်။

ဓာတုပစ္စည်းမပါတဲ့ ခေါင်းလျှော်ရည်များကိုသာ အသုံးပြုပါ

ခေါင်းလျှော်ရည်တိုင်းမှာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဓာတုပစ္စည်း လုံးဝမပါတဲ့ ခေါင်းလျှော်ရည်ကို မရွေးချယ်နိုင်သေးရင် ဓာတုပစ္စည်း နည်းနည်းပဲပါတဲ့ ခေါင်းလျှော်ရည်ကိုသာ ရှာဝယ်သင့်ပါတယ်။

ခေါင်းလျှော်ပြီးတိုင်း Conditioner အသုံးပြုပါ

ခေါင်းလျှော်ပြီးတိုင်း Conditioner အသုံးပြုခြင်းသည် ဆံကေသာကို နူးညံ့ပျော့ပျောင်းစေပါတယ်။ ကြမ်းတမ်းနေတဲ့ ဆံကေသာများ ပြန်လည်နူးညံ့ပျော့ပျောင်းချင်တယ်ဆိုရင်တော့ ဒီအဆင့်ကို မမေ့မလျော့ ပြုလုပ်သင့်ပါတယ်။

သဘာဝလေဖြင့်သာ အခြောက်ခံပါ

သင့်ဆံပင်ကို နူးညံ့ပျော့ပျောင်းချင်တယ်ဆိုရင် ဆံပင်မှုတ်စက်၊ ဆံပင်ပုံသွင်းစက် စတဲ့ စက်ပစ္စည်းများနဲ့ တတ်နိုင်သမျှ မထိတွေ့စေပါနဲ့။ ထိုစက်ပစ္စည်းတွေက ထွက်ရှိတဲ့ အပူဒဏ်သည် သင့်ဆံကေသာကို ပျက်စီးစေလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ပြီးတဲ့အချိန်တိုင်း တဘက်ဖြင့်သာ ခြောက်အောင် သုတ်ပေးပါ။

ဆီလိမ်းကျံပါ

ခေါင်းလျှော်ခါနီးမှာ အုန်းဆီ (သို့) သံလွင်ဆီတို့ကို ဆံကေသာပေါ်တွင် လိမ်းကျံကာ သွေးလှည့်ပတ်မှုကောင်းအောင် နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ခေါင်းလျှော်ပေးရပါမယ်။

ထိုကဲ့သို့ ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်ခြောက်သွေ့ကြမ်းတမ်းခြင်းမှ ကာကွယ်နိုင်ပြီး ဆံပင်သာသည်လည်း နူးညံ့တောက်ပလာမှာဖြစ်ပါတယ်။