အားလုံးပဲ မင်္ဂလာပါနော်။ ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာရယ်လို့ တော်တော်များများ ပြောကြသလို ကိုယ့်ရဲ့ဆံပင်စတိုင် ပြောင်းလိုက်တာနဲ့ မျက်နှာကပါ ပုံစံပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့်မို့ အများစု မိန်းကလေးတွေမှာ ကိုယ့်ကိုယ်ကိုယ်ပုံစံပြောင်းချင်ရင် ဆံပင်စတိုင်၊ အရောင်စတာတွေကို ပြောင်းတတ်ကြတာပါ။ ဒါပေမယ့် တစ်ခါတစ်ရံ အချို့ဆံပင်စတိုင်အလွဲတွေက ရုပ်ပိုရင့်စေတာကို သိထားပြီးပြီလား။ ဒါတွေကိုရှောင်နိုင်ဖို့ ဒီတစ်ခေါက်မှာ ရှိရင်းစွဲမျက်နှာကို အသက်ပိုကြီးပုံပေါက်စေတဲ့ ဆံပင်ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

အထပ်ရှည်နေတဲ့ Layered Hair

သင်က အထပ်ကေထားတတ်တဲ့သူဆိုရင် အထပ်တွေ အရမ်းမရှည်ထွက်အောင် ပုံသွင်းပေးတာ အကောင်းဆုံးပါပဲ။ မျက်နှာအရှည်နဲ့ သိပ်မကွာတဲ့ အထပ်ပုံစံ (သို့) မျက်နှာဘေးကိုဝိုက်ပြီး ပုံသွင်းထားတဲ့ပုံတွေက သင့်မျက်နှာကျလေးကို ပင့်ပေးနိုင်ပေမယ့် လိုတာထက် ရှည်ထွက်နေတဲ့ အထပ်တွေကတော့ သင့်မျက်နှာကို ပိုရှည်ပြီး အသက်ကြီးပုံပေါက်စေပါလိမ့်မယ်။

မျက်နှာဘေးကိုကပ်နေတဲ့ ဆံပင်အဖြောင့်

ဆံပင်အရှည်ကို အချောင်းလိုက် စင်းပြီး မျက်နှာဘေးနဲ့ကပ်နေအောင် ဆွဲဖြောင့်ထားတာမျိုးကလည်း သင့်ဆံပင်ကို ပုံတုံးသွားသလို မြင်ရစေမှာပါ။ သင်က ဆံပင်အဖြောင့် ကြိုက်တဲ့သူဆိုရင် အတိဆံပင်ကို ဖြောင့်တာမျိုးထက် အထပ်ဝဲဝဲလေးညှပ်ပြီး ဘေးကို ဖွထားတာမျိုး Try သင့်ပါတယ်။

ကာလာ Hair Extension အရှည်အဖြောင့်တွေ

ဆံပင်ဆက် Hair Extension တပ်မယ်ဆိုရင် Extension ကိုပါ ပုံသွင်းပေးဖို့ မမေ့ပါနဲ့နော်။ အရောင်အတောက်ပါတဲ့ Extension တွေကို အဖြောင့်အတိုင်း ဆက်လိုက်တာမျိုးက ဆံပင်အတုမှန်းသိသာတဲ့အပြင် ပုံပျက်ပြီး မျက်နှာပါ ရင့်သွားနိုင်ပါတယ်။

အမဲဆိုးထားတဲ့ ဆံပင်

ဆံပင်ကို အမဲဘက်သွားတဲ့ အရောင်အမှိုင်းတွေ ထပ်ဆိုးလိုက်တာမျိုးကလည်း သင့်မျက်နှာကို ပုံမှန်ထက် အရောင်မွဲပြီး အသက်ကြီးသွားသလို မြင်ရနိုင်ပါတယ်နော်။ ဒါကြောင့် ဆံပင်ဆိုးမယ်ဆို အမဲရောင် မဆိုးတာအကောင်းဆုံးပါ။

အရောင်ချွတ်များပြီး အဖျားဖွာနေတဲ့ဆံပင်

ဆေးရောင်ချွတ်တာများပြီး အဖျားဖွာနေတဲ့ဆံပင်တွေ၊ အရင်းနဲ့အဖျား အရောင်မညီတာတွေကလည်း သင့်ဆံပင်ကိုပုံပျက်ပြီး ရုပ်ရင့်သွားစေမယ့် အချက်တွေပါပဲ။

အပြောင်ထုံးထားတဲ့ Low Bun ပုံစံ

များသောအားဖြင့် ဆံထုံးထုံးလိုက်တာက မိန်းကလေးတွေကို အသက်အရွယ်တစ်ခုရောက်သွားသလို မြင်ရစေပါတယ်။ သင်က ဆံထုံးထုံးချင်ပေမယ့် အသက်ကြီးပုံလည်းမပေါက်ချင်ဘူးဆိုရင် ဒီလိုရှေ့အပြောင်ကိုမှ အောက်လျှော့ပြီး ထုံးထားတဲ့ Low Bun ပုံစံမျိုးကို ရှောင်ပေးပါ။ ponytail ပုံစံ အမြင့်ထုံးတာ၊ ကျစ်ဆံမြီးတစ်ပတ်ရစ်နဲ့ ထုံးတာမျိုး လုပ်ကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar