အားလုံးပဲ မင်္ဂလာပါ။ ဆံပင် ဗောက်သက်သာတဲ့ ရှန်ပူအများစုက ဗောက်လျော့သွားစေပေမယ့် လျှော်ပြီးနောက် ဆံသားကို ကြမ်းသွားစေပါတယ်။ ဒီလိုပဲ ဆံပင်ကို ပျော့စေတဲ့ ရှန်ပူအများစုက ဆံသား နူးညံ့စေပေမယ့် ဗောက်ထဖို့ အခွင့်အလမ်း ပိုပေးသလို ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက် ပြောပြမယ့် နည်းလမ်းကတော့ ဗောက်သက်သာစေမယ့် အပြင် ဆံသား နူးညံ့ စိုပြေအောင်ပါ ပြုလုပ်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပါဝင်ပစ္စည်း များတာမို့ အချိန်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပြုလုပ်ပြီးနောက်မှာတော့ သင့်ဆံသား အရင်ကထက် စိုပြေကျန်းမာလာပါလိမ့်မယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့-
၁။ သဘာဝ ရှားစောင်းလတ်ပတ်ဂျယ် ၄ ဇွန်း
ရှားစောင်းလတ်ပတ်က ဆံပင်ကျွတ်တာ သက်သာစေပြီး ပျော့ဆေးအနေနဲ့ စွမ်းဆောင်နိုင်ပါတယ်။ ဒါ့အပြင် ရှားစောင်းက ဦးရေပြားကို စိုပြေစေပါတယ်။
၂။ ပျားရည်တစ်ဇွန်း
ပျားရည်က နဂို နူးညံ့တဲ့ ဆံကေသာကို ပြန်ရအောင် ကူညီပေးပါတယ်။ ဆံသားကို တောက်ပြောင်စေပြီး အစိုဓာတ်ပေးပါတယ်။
၃။ ကြက်ဆူဆီ ၃ ဇွန်း
ကြက်ဆူဆီက ဦးရေပြားထဲ ဘတ်တီးရီးယားတွေ မဝင်ဖို့ ကာကွယ်ပေးပါတယ်။ ဦးရေပြား သွေးလည်ပတ်မှုကောင်းစေပြီး ဆံပင်အရှည်မြန်စေပါတယ်။
၄။ နွားနို့ ၆ ဇွန်း
နွားနို့က ဆံပင်ခြောက်ပြီး ကြမ်းတာကို သက်သာစေပါတယ်။ ဆံပင်ကို ပျော့ပြောင်းစေပြီး ဦးရေပြားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။
ဒီပါဝင်ပစ္စည်းလေးမျိုးကို ရောပြီး သေချာမွှေပေးရပါမယ်။ Blender နဲ့ မွှေပေးနိုင်ရင် ပိုကောင်းပါတယ်။
ရလာတဲ့ အရည်ကို ဦးရေပြားနဲ့ ဆံသားပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် ၁၅ မိနစ်ကနေ မိနစ် ၂၀ ထားပေးရပါမယ်။ ပြီးရင်တော့ ရှန်ပူအပျော့နဲ့ ခေါင်းလျှော်ပေးရပါမယ်။
Photo Source: Pinterest
By MyStyle Myanmar