ကျန်းမာသန်စွမ်းပြီး အရှည်မြန်တဲ့ အုံထူထူ သဘာဝဆံသားတွေ ပိုင်ဆိုင်ဖို့က သင့်အိပ်မက်ဆိုရင်တော့ အခုပြောပြမယ့် အကြောင်းအရာက သင့်အတွက်ပါပဲနော်။ ဒီတစ်ခေါက်မှာ ဆံသားကျွမ်းကျင်ပညာရှင်တွေ ကိုယ်တိုင်အကြံပေးထားတဲ့ ဆံကေသာသန်စွမ်းဖို့ လိုက်နာပြုလုပ်ပေးရမယ့် ထိထိရောက်ရောက် ထိန်းသိမ်းနည်းတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ လုပ်ရလွယ်တဲ့နည်းတွေဖြစ်တာမို့ ဒီနည်းတွေအတိုင်း ကိုယ့်ရဲ့ Lifestyle ကိုပါပြောင်းလဲပြီး ပုံမှန်ထိန်းသိမ်းပေးမယ်ဆိုရင် အချိန်တိုအတွင်း သိသာတဲ့ရလဒ်ကိုခံစားမိစေမှာပါ။

၁။ ဦးရေပြားသန့်ရှင်းမှုကို ဂရုစိုက်ပေးပါ


ဦးရေပြားသန့်စင်မှုမရှိတဲ့အခါ ခြောက်သွေ့ယားယံခြင်း၊ အဆီပြန်ခြင်းနဲ့ ဗောက်ထခြင်းတွေ အဖြစ်များပြီး ဒါက သင့် ဆံသားသန်စွမ်းမှုကို အနှောက်အယှက်ပေးနိုင်ပါတယ်။ ဦးရေပြားနဲ့ဆံသားကို အမြဲသန့်စင်ပေးတာက ဘက်တီးရီးယားနဲ့ ပိုးမွှားဝင်ရောက်မှုကို လျှော့ချပေးပြီး ဆံပင်ကျွတ်သက်သာကာ အရှည်မြန်စေဖို့ ကူညီပေးမှာပါ။

၂။ မှန်ကန်တဲ့ ထုတ်ကုန်တွေ ရွေးချယ်သုံးတတ်ဖို့လိုပါတယ်


ခေါင်းလျှော်ရည်နဲ့ အခြားသော ဆံသားပြုပြင်ရေးထုတ်ကုန်တွေ သုံးတဲ့အခါ ကိုယ့်ဆံသားနဲ့ သင့်တော်တဲ့ ပစ္စည်းမျိုးရွေးချယ်တတ်ဖို့လည်း အရေးကြီးပါတယ်။ ဥပမာ ဆံပင်အကောက်ရှိသူတွေက ဆံပင်အဖြောင့်သမားတွေထက် ဆံသားခြောက်သွေ့လွယ်တာကြောင့် အစိုဓာတ်ပိုများတဲ့ ပစ္စည်းတွေအသုံးပြုပေးသင့်ပါတယ်။ လိုအပ်တာထက်ပိုပြီး ခေါင်းလျှော်ရည်တွေနဲ့ထိတွေ့တာကလည်း ဆံသားပျက်စီးစေတတ်တာကြောင့် တစ်ပတ်နှစ်ကြိမ်၊ သုံးကြိမ်ထက်ပို ခေါင်းမလျှော်မိအောင် သတိထားပေးရပါမယ်။

၃။ ဆံသားကျန်းမာရေးကို ပံ့ပိုးပေးမယ့် အစားအစာတွေ စားသုံးပါ


အစားအသောက်က ဆံသားကျန်းမာရေးကိုပါ သက်ရောက်မှုရှိတာကြောင့် ဆံပင်အရှည်မြန်အောင် ကူညီပေးမယ့် အစားအစာတွေ မျှတအောင်စားသုံးပေးဖို့လည်း မမေ့သင့်ပါဘူး။ ဥအမျိုးမျိုးနဲ့ အသားစတဲ့ ပရိုတင်းဓာတ်၊ အစေ့အဆံနဲ့ အသီးအရွက်တွေကရတဲ့ အာဟာရဓာတ်က ဆံသားသန်စွမ်းစေဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။

၄။ Conditioner ပုံမှန်သုံးဖို့ မမေ့ပါနဲ့

ဆံသားပျော့ပြောင်းပြီး ဆံပင်အကျွတ်နည်းစေဖို့ Conditioner သုံးတဲ့အဆင့်ကလည်း အရေးကြီးပါတယ်။ ခေါင်းမလျှော်ခင် Hair Mask ၊ သဘာဝအဆီ စတာတွေလိမ်းပြီး ပေါင်းတင်ပေးသင့်သလို လျှော်ပြီးနောက်မှာ Conditioner နဲ့ Hair Serum တွေကိုသုံးပြီး ပုံမှန်ထိန်းသိမ်းပေးသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

၅။ အပူနဲ့မထိအောင် တတ်နိုင်သလောက် ရှောင်ပေးပါ


နေရောင်ခြည်နဲ့ ဆံသားပုံသွင်းတဲ့အပူစက်တွေက ဆံပင်ကို အဖျားနှစ်ခွဖြစ်ကာ ပျက်စီးလွယ်စေပါတယ်။ ဒါကြောင့် သန်စွမ်းတဲ့ အုံထူထူဆံနွယ်လေးတွေလိုချင်သူတိုင်း ကိုယ့်ဆံပင်ကို အပူနဲ့တိုက်ရိုက်ထိတွေ့တာ၊ အလွန်အကျွံစက်ဆွဲတာတွေ မလုပ်မိအောင် သတိထားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar