များသောအားဖြင့် ဆံပင်ရှည်တဲ့သူတွေ၊ ဆံပင်ကောက်သားရှိတဲ့သူတွေနဲ့ အုံထူပြီး ဆံသားကြမ်းတဲ့သူတွေမှာ ခေါင်းလျှော်ထားလည်း ခဏနဲ့ ဆံပင်တွေပွတာ၊ ထုံးတာတွေဖြစ်လေ့ရှိပါတယ်။ ဒီလိုဖြစ်နေတဲ့ဆံပင်ကို ခေါင်းဖြီးနဲ့ခပ်ကြမ်းကြမ်းရှင်းမိရင်လည်း ဆံပင်အကျွတ်များတတ်တာမို့ ရေရှည်မှာ ဆံသားပါးလာစေမှာပါ။ ဒါ့အပြင် ဆံပင်ပွတတ်လို့ ခဏခဏထုံးထားတာမျိုးကလည်း အလုပ်ပိုသလို ကိုယ့် Hairstyle ကိုလည်း ပုံပျက်သွားစေတတ်ပါတယ်။ ဒီလိုပြဿနာတွေ ဖြေရှင်းပြီးသားဖြစ်ဖို့ ဒီတစ်ခေါက်မှာ ဆံပင်ပွတတ်တဲ့သူတွေအတွက် လိုအပ်တဲ့ ဆံသားထိန်းသိမ်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

pH ပမာဏမျှတတဲ့ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးတွေသုံးပါ


ဆံသားတွင်းက သဘာဝအဆီအနှစ်တွေ ဆုံးရှုံးမှုမရှိဘဲ ရေရှည်ပျော့ပြောင်းနေဖို့ သုံးနေကျ ခေါင်းလျှော်ရည်၊ ပေါင်းဆေးနဲ့ ပျော့ဆေးတွေမှာ pH ပါဝင်မှုပမာဏ မျှတနေဖို့လိုပါတယ်။ pH ပါဝင်မှုအရမ်းများတာတွေ မသုံးမိအောင် ရှောင်ပေးပါ။ pH ပမာဏ အဆင့် ၅ မှ ၇ ကြားရှိတာမျိုးကို အသုံးပြုပေးသင့်ပါတယ်။

ဆံသားကို ရေအေးနဲ့ ဆေးချပေးပါ


ခေါင်းလျှော်ပြီးတဲ့နောက် ရေအေးအေးနဲ့ဆေးကြောပေးတာက ဆံသားအတွင်းပိုင်းအစိုဓာတ်မဆုံးရှုံးစေဖို့ ကူညီပေးရာရောက်တယ်လို့ ဆံသားကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ အစိုဓာတ်ရှိနေတဲ့ဆံသားက ရှုပ်ထွေးမှုလည်းနည်းသလို အားပြည့်ပြီး တောင်ပြောင်စေမှာပါ။

ဆံပင်အစိုဓာတ်ဖြည့်ပါ


ဆံသားခြောက်ပြီး ပွတတ်တဲ့သူတွေအတွက် အစိုဓာတ်က မရှိမဖြစ်ပါပဲ။ ဆံသားအစိုဓာတ်ပြည့်နေဖို့ ခေါင်းမလျှော်ခင် ဆီလိမ်းပေးတာ၊ Conditioner ပုံမှန်သုံးပေးတာမျိုးလုပ်ပေးပါ။ Shea Butter ၊ ကြက်ဆူဆီ၊ Tea Tree ဆီနဲ့ Jojoba တို့က ဆံသားအစိုဓာတ် ကောင်းကောင်းပေးနိုင်တဲ့ Oil တွေဖြစ်ပါတယ်။

ဆံသားအားဖြည့်ပေးတဲ့ အစားအသောက်တွေလိုအပ်တယ်


ကိုယ်စားတဲ့အစားအသောက်က ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်တာမို့ ဆံသားအားပြည့်ဖို့အတွက် ဆံသားကျန်းမာရေး အထောက်အကူဖြစ်မယ့် အစားအစာတွေစားပေးပါ။ Almond လိုအစေ့အဆံတွေနဲ့ အုန်းသီး၊ ထောပတ်သီး၊ ကြက်ဥစတာတွေက ဆံသားရှုပ်ထွေးမှုနည်းစေတဲ့အပြင် ဆံသားအုံထူဖို့ပါ ကူညီပေးနိုင်တဲ့ အစားအစာတွေဖြစ်ပါတယ်။

ကြက်ဥနဲ့ပေါင်းတင်ပါ


ကြက်ဥက ပရိုတင်းအရင်းအမြစ်တစ်ခုဖြစ်တာမို့ ဆံသားတွင်း ပရိုတင်းဓာတ်မျှတဖို့ ကြက်ဥနဲ့ ပေါင်းတင်ပေးဖို့လိုပါတယ်။ ပရိုတင်းအပြင် ကြက်ဥမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကလည်း ဆံပင်အရှည်မြန်ပြီး ချောမွေ့လာအောင် ကူညီပေးမှာပါ။ လုပ်ရမယ့်နည်းကတော့ ကြက်ဥတစ်လုံးကို သံလွင်ဆီတစ်ဇွန်းနဲ့ပေါင်းပြီး ဆံသားမှာလိမ်းကာ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချပေးရမှာပဲဖြစ်ပါတယ်။

ရံဖန်ရံခါ ဆံသားပုံသွင်းပေးပါ


ဆံပင်ရှုပ်သက်သာဖို့ ရံဖန်ရံခါ ဆံသားပုံသွင်းလိုက်တာမျိုး လုပ်ပေးနိုင်ပါတယ်။ ခေါင်းမလျှော်ဖြစ်တဲ့နေ့တွေမှာ Dry Shampoo ဒါမှမဟုတ် Leave-In Conditioner လေးသုံးပြီး ဆံသားရှုပ်ထွေးမှု သက်သာအောင်ထိန်းထားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar