မင်္ဂလာပါနော်။ စာဖတ်သူတွေထဲမှာ ဆံနွယ်ရှည်ရှည်နဲ့ အရမ်းလှတဲ့ ပျိုမေတို့လည်း ပါမယ်လို့ထင်ပါတယ်။ ပထမဆုံး ဆံပင်အရှည်ထားနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်နော်။ ဆံပင်အရှည်ထားရတာ မလွယ်သလို ထိန်းသိမ်းရလည်းခက်ပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့။ ဆံပင်ရှည်ရှည်နဲ့ ပျိုမေတို့အတွက် ဆံကေသာကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာ မျှဝေပေးပါ့မယ်။

သင့်ဆံကေသာ အကြောင်းသိပါ

သင့်ဆံကေသာဟာ အဖျားနှစ်ခွဖြစ်နေသလား ဆံပင်ကျွတ်တတ်သလား။ ကြမ်းတာလား။ ဒါမှမဟုတ် ဆံသားပါးတာလား။ ထူတာလား ဆိုတာ သိဖို့လိုပါတယ်။ ဒါမှ မိမိဆံကေသာနဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည် ပေါင်းဆေးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ် ဆီနဲ့ ပေါင်းတင်ပါ

အုန်းဆီ (သို့) သံလွင်ဆီကို အပူပေးပြီး ဆံပင်နဲ့ ဦးရေပြား အနှံ့ ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ ပြီးသွားရင်တော့ ၁ နာရီလောက်ပေါင်းထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ လျှော်ချလိုက်ပါ။

ဦးရေပြားကို ပုံမှန် နှိပ်နယ်ပေးပါ

သင့်ရဲ့ ဦးရေပြားလေးတွေကို သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ပုံမှန် နှိပ်နယ်ပေးသင့်ပါတယ်။ အုန်းဆီ နွေးနွေး လိမ်းပေးပြီး နှိပ်နယ်ပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင်မှာလည်း ဦးရေပြားကို ၅ မိနစ်လောက် နှိပ်နယ်ပေးလိုက်ပါ။

နေ့တိုင်း ခေါင်းမလျှော်ပါနဲ့

နေ့တိုင်း ခေါင်းလျှော်ရည် ဦးရေပြား ခြောက်သလို ဆံကေသာကို ကြမ်းတမ်း ပျက်စီးလာနိုင်ပါတယ်။ ခေါင်းလျှော်ပြီးတိုင်းလည်း ပေါင်းဆေးသုံးပေးသင့်သလို ဆံပင်အဖျားလေးတွေကို အဆီနည်းနည်း လိမ်းပေးသင့်ပါတယ်။

တစ်လကို ၂ ကြိမ်လောက် သေချာပေါင်းတင်ပါ

တစ်လကို ၂ ကြိမ်လောက် သဘာဝနည်းလမ်းနဲ့ ပေါင်းတင်ပေးပါ။ကြက်ဥ ၊ အုန်းဆီ (သို့) သံလွင်ဆီ၊ ပေါင်းဆေး တို့ကို ခွက်တစ်လုံးထဲ ဆတူထည့်ရောလိုက်ပါ။ ပြီးသွားရင် ဆံပင်ကို အရင်းကနေ အဖျားထိ လိမ်းပေးပြီး ၁ နာရီလောက် ပေါင်းပေးထားပါ။ ပြီးသွားရင် ခေါင်းလျှော်ရည် နဲ့ လျှော်ချလိုက်ပြီး သဘာဝအတိုင်း အခြောက်ခံပါ။

ခေါင်းလျှော်တိုင်း နောက်ဆုံးမှာ ရေအေးအေးလောင်းပါ

ခေါင်းလျှော်တဲ့အခါ ရေပူပူနဲ့ လျှော်ရင် ဆံကေသာလည်း ကြမ်းတမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ရေအေးနဲ့ လျှော်တာ အကောင်းဆုံးပါပဲ။

ခေါင်းကိုညင်စွာသုတ်ပါ

ခေါင်းကို တဘက်နဲ့ ခပ်ကြမ်းကြမ်းမသုတ်ဘဲ ညင်သာစွာ သုတ်ပါ။ ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးတာမျိုး မလုပ်ပါနဲ့။ ခေါင်းဘီးကိုလည်း ဘီးကြဲတာ သုံးပါ။

ဆံပင်အဖျားကို ပုံမှန်တိပါ

ဆံပင်ရှည်တဲ့ သူတွေအတွက် ပိုပြီးလိုအပ်ပါတယ်။ ဆံပင်အဖျားလေးတွေကို ၂ လတစ်ကြိမ်လောက် ပုံမှန်လေးတိပေးပါ။ ဆံပင်ကိုလည်း ထိခိုက်ပျက်စီးမှု နည်းစေပြီး အရှည်မြန်စေပါတယ်။