အကုန်အကျနည်းနည်းနဲ့ အိမ်မှာပဲ ကိုယ့်စိတ်ကြိုက်ဆံပင်အရောင်ပြောင်းထားတဲ့သူတွေရှိလား။ သင့်အနေနဲ့ ဆံပင်အရောင်လေးထင်းပြီး လှနေဖို့ဆိုရင် ဆိုးထားရုံနဲ့မလုံလောက်ပါဘူးနော်။ ဆေးနဲ့ထိထားတဲ့ ဆံသားအတွက် မှန်ကန်တဲ့ထိန်းသိမ်းမှုရှိဖို့လည်း အရေးကြီးပါတယ်။ ဒါလိုမှမဟုတ်ရင် လွယ်လွယ်နဲ့ အရောင်ပြယ်တာ၊ ဆံပင်တွေဖွာပြီး အဖျားနှစ်ခွထွက်တာတွေဖြစ်လာမှာပါ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ကိုယ်တိုင်ဆိုးထားတဲ့ဆံသားအတွက် ပြုလုပ်ပေးသင့်တဲ့ ထိန်းသိမ်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အစိုဓာတ်က အရေးအကြီးဆုံးပါ


ဆေးဆိုးလိုက်တဲ့ဆံသားက သဘာဝအစိုဓာတ်တွေဆုံးရှုံးသွားတတ်တာမို့ အစိုဓာတ်ပြန်ဖြည့်ဖို့ အရေးကြီးပါတယ်။ ကိုယ်တိုင်ဆိုးတဲ့သူတွေဆိုရင် အစိုဓာတ်ဆုံးရှုံးမှုကို လျှော့ချနိုင်အောင် နောက်တစ်ကြိမ်ဆေးမဆိုးခင် သုံးရက်လောက်ကြိုပြီး ဆီလိမ်းတာမျိုးလုပ်ပေးပါ။ အလွယ်ရတဲ့ သံလွင်ဆီ၊ အုန်းဆီတို့ကို သုံးနိုင်ပါတယ်။

၂။ ဆံပင်ဖြီးတဲ့အခါ သတိထားပါ


ဆိုးဆေးကြောင့် ပျက်စီးခြောက်သွေ့လာတဲ့ဆံသားက ငြိပြီး ထုံးလွယ်ပါတယ်။ ဒါကြောင့်ဆံပင်ကို ပြီးစလွယ်မဖြီးဘဲ ထုံးနေတဲ့နေရာတွေကို ဆီလေးလိမ်းပြီး သေချာရှင်းပေးပါ။ ခေါင်းဖြီးကိုလည်း အသွားကျဲပြီး အမျှင်နုနုလေးတွေ ပါတာမျိုးရွေးသုံးသင့်ပါတယ်။

၃။ ဆံပင်အဖျားလေးတွေ တိပေးပါ


ဆံပင်အဖျားတိပေးတာက ဆံပင်အရှည်မြန်စေတာကို တော်တော်များများကြားဖူးကြမှာပါ။ ဒါ့အပြင် ဆေးဆိုးထားလို့ ဖွာပြီးခြောက်သွေ့နေတဲ့အဖျားတွေကို တိလိုက်တာက ဆံသားအဖျားနှစ်ခွဖြစ်တာတွေကိုပါ သက်သာစေပါလိမ့်မယ်။

၄။ ရိုးရိုးရေ (သို့) ရေအေးနဲ့ခေါင်းလျှော်ပါ


အရောင်ဆိုးထားတဲ့ဆံသားကို အစိုဓာတ်မပျောက်အောင် ရိုးရိုးရေ (သို့) ရေအေးအေးကို သုံးပြီးလျှော်သင့်ပါတယ်နော်။ ရေအပူနဲ့ထိတွေ့တာက ဆံသားမွှေးညှင်းပေါက်တွေကျယ်ပြီး ဦးရေပြားတွင်း သဘာဝအဆီဆုံးရှုံးစေတဲ့အပြင် လွယ်လွယ်နဲ့ဆံပင်အရောင်လွင့်စေပါလိမ့်မယ်။

၅။ မှန်ကန်တဲ့ Hair Products တွေသုံးဖို့လိုပါတယ်


အရောင်ဆိုးထားတဲ့ဆံသားအတွက် သီးသန့်ထုတ်ထားတဲ့ Hair Products တွေကို ရွေးသုံးဖို့မမေ့ပါနဲ့နော်။ ဥပမာ Chemical နည်းပြီးအစိုဓာတ်များများဖြည့်ပေးနိုင်တဲ့ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးတွေကို သုံးပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar