ဆံပင်ကရှည်လေ ထိန်းသိမ်းရခက်လေပါပဲ။ သေချာလေး hair care လုပ်ပေးမယ်ဆိုရင်တော့ ဆံပင်အရှည်ကြီးနဲ့ အရမ်းလှနေမှာပါ။ ဆံပင်အရှည်ထားပြီး ဆံသားပျက်စီးနေရင်လည်း ဆံပင်တွေကျွတ်ပြီး အဖျားရှူးတာ ဆံပင်ပါးတာတွေ ဖြစ်နေမှာပါ။ ဒါကြောင့် ဆံပင်အရှည်ထားတဲ့သူတွေအတွက် ကျန်းမာပြီးလှပတဲ့ ဆံကေသာကိုရရှိစေမယ့် hair care tips တွေကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်အဖျားတွေကိုပုံမှန်ညှပ်ပါ

ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ပေးမယ်ဆိုရင်တော့ ဆံပင်အဖျားရှူးတာ၊ ဆံပင်နှစ်ခွဖြစ်တာတွေမရှိပဲနဲ့ ဆံပင်အရှည်မြန်လာစေမယ်၊ ဆံပင်အဖျားပျက်စီးနေတာတွေလည်း မရှိတော့တဲ့အတွက် ဆံသားပိုပြီးကျန်းမာလာပါမယ်။

ပုံမှန်ခေါင်းလျှော်ပါ

ဆံပင်အရှည်ထားပြီး ခေါင်းလျှော်ပျင်းနေလို့မရပါဘူး။ ဆံပင်ကို တစ်ပတ်တစ်ကြိမ် (သို့) ၂ ကြိမ်တော့ ပုံမှန်လျှော်ပေးရပါမယ်။ ခေါင်းလျှော်တိုင်းမှာလည်း conditioner သုံးပေးဖို့မမေ့ပါနဲ့။ ဆံပင်ကရှည်လေ ရှုပ်ထွေးလွယ်လေပါပဲ။ ခေါင်းလျှော်တိုင်း conditioner သုံးပေးတော့ ဆံသားပျော့ပြောင်းပြီး ရှင်းရလွယ်ကာ ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကိုလည်း ရရှိစေပါတယ်။

Hair Treatment လုပ်ပါ

တစ်ပတ်တစ်ကြိမ် အိမ်မှာ hair treatment လုပ်ပေးတာပဲဖြစ်ဖြစ်၊ တစ်လတစ်ကြိမ် ဆိုင်မှာ hair treatment လုပ်ပေးတာပဲဖြစ်ဖြစ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဆံသားကျန်းမာပြီး လှပနေမှာ သေချာပါတယ်။

ဘီးကြဲသုံးပါ၊ ဘီးကိုအမြဲသန့်ရှင်းအောင်ထားပါ

ဆံပင်ကရှည်လေဘီးရခက်လေပါပဲ။ ဘီးစိတ်သုံးရင် ပိုပြီးရှင်းရခက်ပါတယ်။ ဒါကြောင့် ဘီးကြဲသုံးပြီး ဆံပင်ကို ဖြေးဖြေးချင်းစီဖြီးပါ။ စိတ်ရှည်ပါ။ ဘီးကိုလည်း အမြဲသန့်ရှင်းအောင် သေချာသန့်စင်ပါ။ ဘီးညစ်ပတ်ရင် ဆံပင်အဆီပြန်လွယ်ပြီး ဆံသားပျက်စီးမှုလည်း ပိုဖြစ်စေပါတယ်။

ရေပူကိုရှောင်ပါ

ရေပူနဲ့ခေါင်းလျှော်ခြင်းက ဆံပင်ကြမ်းပြီး ဆံပင်ကျွတ်စေသလို ငြိတာရှုပ်ထွေးတာလည်း ဖြစ်လွယ်ပါတယ်။ ဒါကြောင့် ရေပူကိုရှောင်ရပါမယ်။

Hair Oil သုံးပါ

ဆံပင်အရှည်ထားပြီး hair oil မသုံးရင်တော့ ဆံသားမွဲခြောက်ပြီး လုံးဝမလှပါဘူး။ ဆံပင်ငြိတာ၊ ကျွတ်တာတွေလည်း ဖြစ်လွယ်ပါတယ်။ ဒါကြောင့် hair oil အမြဲလိမ်းရပါမယ်။ ဆံသားပိုကျန်းမာပြီး လှပချင်ရင်တော့ ခေါင်းလျှော်ခါနီးတိုင်း (သို့) ခေါင်းမလျှော်ခင်ညမှာ အုန်းဆီ၊ သံလွင်ဆီကို ရွှဲနေအောင်လိမ်းထားလိုက်ပါ။