လူတိုင်းက မတူညီတဲ့ ဆံကေသာနှင့် ဦးရေပြားပြဿနာများကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဆံကေသာ ကြမ်းတမ်းပျက်စီးခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း၊ ဗောက်ထခြင်း စသည်ဖြင့် ပြဿနာအမျိုးမျိုး ကြုံတွေ့နေရတာဖြစ်ပါတယ်။

ထိုကဲ့သို့ ဆံကေသာနှင့် ဦးရေပြားပြဿနာများ ကြုံတွေ့နေရခြင်းသည် မိမိကိုယ်တိုင် ပြုလုပ်နေမိတဲ့ အမှားများကြောင့်ပဲဖြစ်ပါတယ်။ ဘယ်လိုအပြုအမူများကြောင့် ဆံကေသာ ပျက်စီးရသလဲဆိုတော့ …

ဆံပင်အစိုကြီးနဲ့ အိပ်စက်ခြင်း

ခေါင်းလျှော်ပြီးတဲ့နောက် ဆံကေသာကို ခြောက်အောင် မသုတ်ဘဲ ဆံပင်အစိုကြီးနဲ့ အိပ်စက်ခြင်းဟာ ကျန်းမာရေးကိုသာ ထိခိုက်စေရုံသာမကဘဲ ဆံကေသာကျန်းမာရေးကိုလည်း အားနည်းစေပါတယ်။ ဆံပင်တွေက စိုစွတ်နေချိန်မှာ အားအနည်းဆုံးဖြစ်ပါတယ်။

ထိုအချိန်မှာ ဆံပင်ကို ဘီးနဲ့ အကြမ်းပတမ်း ဖြီးခြင်း၊ ဆံပင်သုတ်တဲ့အခါ သဘက်ဖြင့် ကြမ်းကြမ်းတမ်းတမ်း သုတ်ခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ဒါဆိုရင် ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံရင်ရော

ဆံပင်လေမှုတ်စက်နဲ့ အခြောက်ခံခြင်းက ဆံပင်ကို အခြောက်မြန်စေပေမယ့် ဆံကေသာကိုတော့ ကြမ်းတမ်းပျက်စီးစေနိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ သဘာဝလေနဲ့သာ အခြောက်ခံပေးပါ။ ဒါ့အပြင် သဘက်အကြမ်းနဲ့ သုတ်ခြင်းသည်လည်း ဆံပင်ကို ပျက်စီးစေပါတယ်။

တကယ်လို့ သင်မှာ မဝတ်ဖြစ်တော့တဲ့ ရှပ်အင်္ကျီများ ရှိတယ်ဆိုရင် ထိုရှပ်အင်္ကျီအဟောင်းများဖြင့် ဆံပင်သုတ်ပေးနိုင်ပါတယ်။ ဒါမှ ဆံကေသာနူးညံ့ပျော့ပျောင်းမှာဖြစ်ပါတယ်။

ခေါင်းလျှော်ရည် ရွေးချယ်တဲ့အခါ

ခေါင်းလျှော်ရည်ရွေးချယ်တဲ့အခါ ဘယ်လိုခေါင်းလျှော်ရည်မျိုးကို ရွေးချယ်လေ့ရှိပါသလဲ။ သဘာဝပစ္စည်းများနဲ့ ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ပဲဖြစ်ဖြစ်၊ ဓာတုပစ္စည်းများနဲ့ ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ပဲဖြစ်ဖြစ် အမြှုပ်အများကြီး မထွက်တဲ့ ခေါင်းလျှော်ရည်ကိုသာ ရွေးချယ်သင့်ပါတယ်။

အမြှုပ်အများကြီးထွက်တဲ့ ခေါင်းလျှော်ရည်တွေထဲမှာ ဆာလဖိတ်ဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် ဆံပင်ခြောက်သွေ့ကြမ်းတမ်း ပျက်စီးခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ရည် ရွေးချယ်တဲ့အခါ ပါဝင်ပစ္စည်းများကို သေချာကြည့်ပြီး ဆာလဖိတ်မပါဝင်တဲ့ခေါင်းလျော်ရည်များကို သေချာရွေးချယ်သင့်ပါတယ်။