အပူနဲ့ထိတွေ့တာ များလာတဲ့အခါ၊ ဆံပင်ခဏခဏ ဆိုးတဲ့အခါ၊ ခေါင်းလျှော်ရည်ထဲ ပါဝင်တဲ့ ပစ္စည်းတွေက ကိုယ့်ဆံသားအတွက် အဆင်မပြေတဲ့အခါ၊ နေရောင်ခြည်နဲ့ ခဏခဏ တိုက်ရိုက်ထိတဲ့အခါ ဆံသားခြောက်တာ ဖြစ်စေနိုင်ပါတယ်။

ဆံသား ခြောက်တဲ့သူတွေမှာ တွေ့ရတဲ့ ဆံပင်ပုံစံကတော့ ကြမ်းပြီး ပျော့ပြောင်းမှု မရှိတာပါ။ ဆံသားကို ကိုင်ကြည့်လိုက်တာနဲ့ တံမြက်စည်းအမျှင်တွေလို ကြမ်းတမ်းနေပါလိမ့်မယ်။ သင်က ဒီလို ဆံကေသာကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ထိန်းသိမ်းဖို့ လိုပါပြီ။ မဟုတ်ရင်တော့ သင်လိုချင်တဲ့ ဆံသား ပျော့ပျော့လေးနဲ့ စိုစိုလေးကို ပိုင်ဆိုင်မှာ မဟုတ်ပါဘူး။

ခြောက်သွေ့တဲ့ ဆံကေသာကို ပြန်ထိန်းသိမ်းဖို့ အခု ဖော်ပြထားတဲ့ နည်းလမ်းက သင့်အတွက် ထိရောက်မှာပါ။ ကိုယ့်အိမ်မှာရှိတဲ့ ပစ္စည်းတွေချည်း်ပဲ ဖြစ်တာကြောင့် သင့်အတွက် လွယ်ကူမှာပါ။ ဖော်ပြပါ နည်းလမ်းကို ဆံသား အဖြောင့်ကော အကောက် အတွက်ပါ အသုံးပြုနိုင်ပါတယ်။

ဒီနည်းလမ်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်း တွေကတော့-
၁။ ကြက်ဥတစ်လုံး


၂။ Mayo နှစ် ဇွန်း

၃။ သံလွင်ဆီ နှစ်ဇွန်း


၃။ ပျားရည်တစ်ဇွန်းပါ ထည့်နိုင်ပါတယ်။

ဒီပါဝင်ပစ္စည်းတွေကို အနှစ်ရတဲ့ အထိ ရောမွှေပေးရပါမယ်။ ဆံသားထဲ ဒီအနှစ်ကို မလိမ်းခင် ဆံသားကို ပန်းသီးရှာလကာရည်နဲ့ နှိပ်နယ်ပေးရပါမယ်။ ရှာလကာရည် ဆံပင်ထဲ ထည့်လိုက်တာမို့ ရေမသုံးလည်း ရပါတယ်။

နှိပ်နယ်ပြီးနောက်မှာတော့ ပြုလုပ်ထားတဲ့ အနှစ်ကို လိမ်းနိုင်ပါပြီ။ ဆံသား အရင်းကော အဖျားပါ လိမ်းပေးရပါမယ်။ လိမ်းပြီးနောက်မှာတော့ ဆံသားကို ထုံးပြီး Shower Cap နဲ့ ဖုံးထားနိုင်ပါတယ်။ မိနစ် ၃၀ ထားပြီးနောက် ရေဆေးချပေးနိုင်ပါပြီ။

ဒီနည်းလမ်းကို တစ်ပတ်မှာ တစ်ခါ အသုံးပြုနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar