သင်က ဟင်းချက်ရတာ ဝါသနာမပါသူ ဒါမှမဟုတ် ကိုယ်ချက်တာကို မကြိုက်တတ်သူဆိုရင် အိမ်ထမင်း အိမ်ဟင်းက ခက်ခဲတတ်ပါတယ်။ အပြင်စာတွေက စားလေလေ ဝိတ်တက်လေလေဆိုတဲ့ စကားက အမှန်ပါပဲ။ သင်က ဟင်းမချက်ချင်တာကြောင့် အပြင်စာတွေ စားနေမယ်ဆိုရင် ထိရောက်စွာ ဝိတ်ချနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ဟင်းမချက်နိုင်လည်း ဘယ်လို ထိရောက်စွာ Diet လုပ်နိုင်လဲ ကြည့်လိုက်ရအောင်-

၁။ အသီးတွေ ဝယ်ထားပါ

လေ့လာချက်တွေအရ လူတွေက မျက်စိရှေ့ မြင်နေရတာဆိုရင် ယူစားဖို့ အခွင့်အလမ်း ပိုများပါတယ်တဲ့။ အသီးတွေက ကယ်လိုရီ နည်းပြီး အာဟာရ များစွာပါဝင်ပါတယ်။ ငှက်ပျောသီး၊ ပန်းသီး၊ လိမ္မော်သီး စတာတွေကို ဗိုက်ဆာရင် စားဖို့ ဝယ်ထားသင့်ပါတယ်။

၂။ သရေစာ အဖြစ် ပရိုတင်းများတာ စားပါ

ပရိုတင်းက ဝိတ်ချနေတဲ့ သူတွေအတွက် ခွန်အားပြည့်စေတဲ့ အာဟာရတစ်မျိုးပါ။ ပရိုတင်းက ကြွက်သားတွေကို အားဖြည့်ပေးတဲ့အပြင် ဗိုက်မဆာဘဲ ဗိုက်ပြည့်အောင်လည်း ကူညီပေးပါတယ်။ ကြက်ဥ၊ အစေ့အဆံ၊ အသား၊ ချိစ် စတာတွေက ပရိုတင်း အစားအသောက်တွေပါ။

၃။ Carbohydrate စားပါ

Diet လုပ်နေသူတွေအတွက် ကာဗိုဟိုက်ဒရိုက် ကိုလည်း လိုအပ်ပါတယ်။ ဟင်းမချက်ချင်ရင်တော့ ပေါင်မုန့်၊ ထမင်း၊ Whole Grain Cracker စတဲ့ Carbohydrate အစားအသောက်တွေက ကူညီပေးပါလိမ့်မယ်။

၄။ အရံဟင်းတွေ ပြင်ဆင်ပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရံဟင်းတွေ ပြင်ဆင်ဖို့ စာဖိုမှူး ဖြစ်စရာ မလိုပါဘူး။ အချိန်အများကြီး ပေးရတဲ့ ဟင်းတွေကို ရှောင်ပြီး လွယ်ကူတဲ့ အသီးအရွက် သုပ်တွေကို ဖန်တီးနိုင်ပါတယ်။

၅။ သရေစာတွေကို မဝယ်ပါနဲ့

ချက်လေ့ချက်ထ မရှိတဲ့ မိန်းကလေးတွေဆိုရင် ဗိုက်ဆာတာနဲ့ အာလူးကြော် ဝယ်ထားရင် အာလူးကြော် ယူစားတတ်ပါတယ်။ ဒီမိန်းကလေးတွေ အတွက် အပြင် သရေစာ စားဖို့ ပိုလွယ်ကူနေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ ဝိတ်တက်စာ ဘာမှမဝယ်ထားတာ အကောင်းဆုံးပါပဲ။

၆။ ပန်းကန်အချိုးအစားပြောင်းလဲပါ

အစားအသောက် ထည့်တဲ့ အိုး၊ ပန်းကန်ကို သေးသေးလေး လုပ်လိုက်ရင် သင်ချက်ပြုတ်ရတာ မပင်ပန်းတဲ့ အပြင် ဝိတ်လည်း ကျပါတယ်။

၇။ ခြေလှမ်းသေးသေးလေးတွေကနေ စတင်ပါ

အစားအသောက်လျှော့နေတဲ့အချိန်၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ ပိုစားနေတဲ့အချိန်မှာ ခြေလှမ်း အကြီးကြီး တစ်ခါတည်း လှမ်းတာထပ် ဖြည်းဖြည်းချင်း လုပ်သွားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar