တက်ဖို့လွယ်ပေမယ့် ချရခက်တဲ့ဗိုက်အဆီတွေကြောင့် စိတ်ညစ်နေရတဲ့သူတွေရှိလား။ ဗိုက်ချပ်ချပ်လေး ပိုင်ဆိုင်ချင်တဲ့ပျိုမေတို့အတွက် ဒီတစ်ခေါက်မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်လို့ပဲဖြစ်ဖြစ် ပင်ပန်းလို့မလုပ်ချင်တာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းမလုပ်လဲ သဘာဝအတိုင်း ဗိုက်အဆီကျစေမယ့် အလေ့အကျင့်ကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ကလေ့ကျင့်ခန်း မလုပ်နိုင်ဘူးဆိုရင်တောင် ဒါတွေကို အကျင့်လုပ်ထားတာက လွယ်လွယ်နဲ့ ဗိုက်အဆီမတက်အောင် ထိန်းထားပြီးသားဖြစ်မှာပါ။

၁။ ရေများများသောက်တဲ့အကျင့်ရှိဖို့လိုပါတယ်


ရေများများသောက်တာက ကိုယ်တွင်းအဆိပ်အတောက်ပြေတာမို့ ကိုယ့်အလေးချိန်လျှော့ချဖို့အတွက်လည်း အသုံးဝင်သလို အသားအရေလည်းလှစေပါတယ်။ တစ်နေ့နှစ်လီတာလောက် ရေပုံမှန်သောက်တတ်တဲ့အကျင့် လုပ်ပေးပါ။ သင့်ကို မကြာခဏစားချင်စိတ်မဖြစ်အောင်လည်း ထိန်းပေးပါလိမ့်မယ်။

၂။ ဗီတာမင်ဓာတ်နဲ့ Healthy Fats တွေပါဝင်တဲ့ အစားအသောက်တွေ စားပါ


ဗိုက်ချပ်ဖို့ဆိုရင် ဖြစ်သလိုစားလို့မရပါဘူး။ ကိုယ်ပုံမှန်စားတဲ့အစားအသောက်တွေက အဆီ၊ အဆိမ့်များတာတွေထက် ကျန်းမာရေးနဲ့ညီတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝဖို့လိုပါတယ်။ ဒါကြောင့်မို့ ကိုယ်စားမယ့်အစားအသောက်ကို သေချာရွေးချယ်ပြီး ဗီတာမင်နဲ့ Healthy Fats ပါဝင်တာတွေကို မျှတအောင်စားပေးပါ။

၃။ အိပ်ချိန်လုံလောက်အောင်ထားပါ


လုံလောက်တဲ့အိပ်ချိန်တစ်ခုထားပြီး ပုံမှန်အိပ်ရေးဝအောင်အိပ်တဲ့အကျင့်လုပ်ထားတာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး အစားစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ နောက်တစ်နေ့မနက်မှာလည်း သင့်ကို စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းနေစေတာမို့ ကယ်လိုရီပိုလောင်ကျွမ်းဖို့ အားပေးရာရောက်မှာပါ။

၄။ Alcohol ကိုတတ်နိုင်သလောက် မသောက်ဘဲနေပေးပါ


Alcohol က မသိသာပေမယ့် ကယ်လိုရီပါဝင်မှုများတဲ့ သောက်စရာတစ်မျိုးပါ။ ပမာဏနည်းနည်းပဲ သောက်ရုံနဲ့တောင် သင့်ကိုဝိတ်တက်ပြီး ဗိုက်ပူစေမှာဖြစ်လို့ တတ်နိုင်သလောက် မသောက်မိအောင် အကျင့်လုပ်ပေးဖို့လိုပါတယ်။

၅။ အိမ်အပြင်ပုံမှန်ထွက်ပေးပါ


တစ်နေ့လုံး အမြဲထိုင်နေရင်တော့ တစ်ဖြည်းဖြည်း ဗိုက်ထွက်လာမှာပါ။ ဒါကြောင့်မို့ လေ့ကျင့်ခန်းမလုပ်ရင်တောင် လှုပ်လှုပ်ရှားရှားရှိအောင် တစ်နေရာထွက်ပြီး လမ်းလျှောက်တာ၊ လှေကားအတက်အဆင်းလေးလုပ်ပေးတာ၊ အလုပ်လုပ်ရင်း ထိုင်တာကြာလာတဲ့အခါ မတ်တပ်ထရပ်ပြီး အကြောလျှော့ပေးတာတွေ ပုံမှန်လုပ်ပေးဖို့မမေ့သင့်ပါဘူး။

၆။ ဆေးဖက်ဝင် လက်ဖက်ရည်တစ်မျိုး သောက်ပေးပါ


ဆေးဖက်ဝင်လက်ဖက်ရည်က ကိုယ်တွင်းအဆိပ်အတောက်ပျယ်စေသလို သူ့မှာ အစာချေစနစ်ကို မြှင့်တင်ပေးပြီး အဆီလောင်ကျွမ်းစေတဲ့ အာနိသင်တွေပါဝင်ပါတယ်။ ဂျင်း၊ ပက်ပါမင့်၊ လီမွန်စတာတွေကို ရေနွေးထဲစိမ်ပြီး သောက်တာမျိုးပြုလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar