ညဘက်စောစောအိပ်တာ၊ အိပ်ရေးဝအောင်အိပ်တာက ခန္ဓာကိုယ်အတွက်ရော အလှအပကျန်းမာရေး အတွက်ပါ အထောက်အကူဖြစ်တာကို ပျိုမေတို့ သိထားပြီးသားဖြစ်မှာပါ။ ဒါကြောင့်မို့ လတ်တလော ပျိုမေတို့ထဲမှာ စောစောအိပ်ပျော်ဖို့ ကြိုးစားနေတဲ့သူတွေရှိလား။ ကိုယ်က နောက်ကျမှအိပ်နေကျသူဆိုရင် စောစောအိပ်ပျော်အောင်လုပ်ရတာက ထင်သလောက်မလွယ်ပါဘူူးနော်။ ဘယ်လောက်ပဲအိပ်ပျော်အောင်လုပ်လုပ် ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်မပျော်ဘဲ အချိန်တွေကုန်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဒီတစ်ခေါက်မှာ ခေါင်းချတာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ပြုလုပ်နိုင်တဲ့အရာတွေအကြောင်းကို မျှဝေပေးသွားမှာပါ။

၁။ အခန်းမီးမှိန်မှိန်လေးထားပါ


အိပ်ချိန်နီးလာတာနဲ့ ကိုယ်ပတ်ဝန်းကျင်ကမီးအလင်းရောင်ကို ခပ်မှိန်မှိန်ထားတာ (သို့) ပိတ်ထားလိုက်တာက ညဘက်ရောက်နေပြီမှန်း ဦးနှောက်ကိုသတိပေးသလိုဖြစ်စေတာမို့ အိပ်ပျော်ဖို့ပိုလွယ်စေပါတယ်။ ဖုန်းနဲ့ Laptop Screen တွေကထွက်တဲ့ အလင်းကလည်း မျက်စိစူးစေတာမို့ အိပ်ချိန်နဲ့ကပ်ပြီး မသုံးရင် အကောင်းဆုံးပါပဲ။

၂။ နေ့လည်နေ့ခင်း လေ့ကျင့်ခန်းလုပ်ပါ


တစ်နေ့တာလှုပ်လှုပ်ရှားရှားနေလိုက်မှ ညရောက်တဲ့အခါ ပင်ပန်းပြီးအိပ်ပျော်သွားတာမျိုး တော်တော်များများ ကြုံဖူးကြမှာပါ။ ဒါကြောင့် အထိုင်များတဲ့သူတွေ၊ အိမ်မှာအနေများသူတွေအနေနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့ မမေ့ပါနဲ့။ ထွေထွေထူးထူးလုပ်ဖို့မလိုဘဲ ညရောက်တာနဲ့ အလိုလိုအိပ်ချင်စိတ်ဝင်လာပါလိမ့်မယ်။

၃။ အိပ်ခါနီး မိနစ် ၃၀ လောက်ကြိုပြီး စိတ်ကိုစုစည်းပါ၊ အနားပေးပါ


ကိုယ်သတ်မှတ်ထားတဲ့အိပ်ချိန်ရောက်ပြီဆိုတာနဲ့ မိနစ် ၃၀ လောက်ကြိုပြီး လုပ်လက်စတွေရပ်ကာ စိတ်ကိုအနားပေးလိုက်တာ သင့်ကိုအတွေးမများစေဘဲ ခေါင်းချတာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။ နားနေတဲ့အချိန်အတွင်းမှာ စိတ်ကိုစုစည်းလို့ရမယ့် တရားထိုင်တာ၊ တစ်နေ့တာ Journal ရေးတာ၊ စာအုပ်ဖတ်တာလေးတွေ လုပ်ပေးဖို့ အကြံပေးချင်ပါတယ်။

၄။ အသက်ရှူတာကို အာရုံစိုက်ပါ


အိပ်ရာဝင်လို့ မျက်စိမှိတ်လိုက်တာနဲ့ အတွေးတွေခေါင်းထဲမရောက်အောင် အသက်ရှုတာကို အာရုံစိုက်တဲ့အကျင့်လုပ်ပေးပါ။ ကျွမ်းကျင်သူတွေ အကြံပေးထားတဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်နည်းကတော့ အသက်ကို လေးစက္ကန့် ရှူသွင်းကာ၊ ခုနှစ်စက္ကန့် အသက်အောင့်ထားပြီး ရှစ်စက္ကန့်လောက် ရှူထုတ်ပေးရတဲ့ နည်းဖြစ်ပါတယ်။ ဒီအတိုင်းဝင်လေထွက်လေကို အာရုံစိုက်ပြီးလုပ်ပေးမယ်ဆိုရင် စိတ်ငြိမ်ပြီး အိပ်ပျော်သွားပါလိမ့်မယ်။

၅။ အိပ်ချိန်နဲ့နီးပြီး အစားမစားမိအောင်သတိထားပါ


အိပ်ချိန်နဲ့နီးပြီးစားရင် အစာချေဖို့မလွယ်သလို အိပ်ပျော်ဖို့လည်းအရမ်းခက်ပါတယ်။ မနက်အိပ်ရာထတဲ့အခါလည်း လေးလံနေတတ်တာမို့ ညဘက်မစားမိအောင် သတိထားပေးပါ။

၆။ လာဗင်ဒါအနံ့ပါတာလေးတွေ ဆောင်ထားပါ


လာဗင်ဒါရနံ့က စိတ်ငြိမ်ပြီး အိပ်ချင်စိတ်ဖြစ်စေတာမို့ အိပ်ပျော်ဖို့ခက်တဲ့သူတွေအနေနဲ့ လာဗင်ဒါနဲ့ပက်သက်တဲ့ အဆီ၊ Candle ၊ Lotion စတဲ့ ပစ္စည်းလေးတွေ ဆောင်ထားပေးရင် ပိုကောင်းပါတယ်။

၇။ သီချင်းငြိမ့်ငြိမ့်လေးနားထောင်ပါ


လေ့လာမှုတွေအရ အိပ်ရာဝင်ချိန်မှာ စိတ်အေးချမ်းစေတဲ့ သီချင်းငြိမ့်ငြိမ့်လေးတွေ နားထောင်တတ်တဲ့သူတွေက နားမထောင်တဲ့သူတွေထက်စာရင် အိပ်ပျော်ဖို့ပိုလွယ်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ အိပ်ပျော်စေတဲ့ သံစဉ်အေးအေးလေးတွေ နားထောင်ဖို့လည်း မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar