လူတစ်ယောက် ကြည့်ကောင်းတယ်ဆိုတာ သူ့ရုပ်ရည်အပြင် ဉာဏ်ရည်ဉာဏ်သွေး ၊ ဝတ်ပုံစားပုံနဲ့ လူမှုဆက်ဆံရေးအရည်အချင်းတွေ အများကြီးနဲ့ ဆိုင်ပါတယ်။ ဘယ်သူမဆို လူတွေအကြားမှာ ပေါ်လွင်ထင်ရှားတဲ့သူ ၊ ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ကောင်းသူ ဖြစ်ချင်ကြတာပါပဲ။ ဒီတော့ ဆွဲဆောင်မှု မြင့်မားတဲ့သူတွေရဲ့ အလေ့အကျင့်လေးတွေကို အတုခိုးမယ်ဆိုရင် သင်လည်း ဆွဲဆောင်မှုရှိတဲ့လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

(၁) ဟာသဉာဏ်ရှိပါစေ

Photo: Healthline

ဘဝဆိုတာ ခက်ခဲကြမ်းတမ်းတော့ လူတွေဟာ ပျော်စရာကောင်းတဲ့ အရာတွေကို လိုချင်ကြပါတယ်။ ခက်ခဲနေချိန်မှာ ဟာသဉာဏ် ရွှင်တဲ့ လူတစ်ယောက်ရဲ့ စကားတစ်ခွန်းက တင်းမာနေတဲ့ အခြေအနေကို လုံးလုံးလျားလျား ပြောင်းလဲပစ်နိုင်တယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ လူတွေဟာ ဇဝနဉာဏ်ထက်သန်သူကို ခင်မင်တတ်ပြီး အဲဒီလို ဟာသဉာဏ် ရွှင်မြူးသူအနားမှာ နေချင်ကြပါတယ်။ သင့်မှာ ဟာသဉာဏ်ကောင်းရင် လူတွေအကြားမှာ ပေါ်ပြူလာဖြစ်နေမှာပါ။

(၂) စိတ်အားထက်သန်မှု ရှိပါစေ

Photo: Unsplash

ရည်မှန်းချက်နဲ့ ထက်သန်ပြင်းပြတဲ့ စိတ်ဆန္ဒရှိသူဟာ ဆွဲငင်အားကောင်းတဲ့သူ ဖြစ်ပါတယ်။ ရည်မှန်းချက်နဲ့ စိတ်အားထက်သန်မှု ရှိသူဟာ ပြောတဲ့စကားမှာ အားမာန်ပါသလို လုပ်တဲ့ အလုပ်မှာလည်း အားကျစရာကောင်းအောင် လုပ်ကိုင်တတ်ပါတယ်။ စိတ်ထဲမှာ ဝမ်းနည်းအားငယ်သူ ၊ ရှေ့ရေး ဝေဝါးနေသူဟာ စိတ်ခွန်အားမြင့်သူကို အားကျကြည်ညိုစရာအဖြစ် မြင်လာတဲ့အထိ သူဟာ ဆွဲဆောင်မှု ရှိနေပါတယ်။

(၃) ယုံကြည်မှု ရှိပါစေ

Photo: Medium

ဆုံးဖြတ်ချက် ပြတ်သားတဲ့သူ ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသူဟာလည်း တစ်မျိုးကြည့်ကောင်းနေတတ်ပါတယ်။ဒါဟာ ရုပ်အဆင်းနဲ့ မဆိုင်ဘဲ သူ့ရဲ့ ပင်ကိုယ်စွမ်းရည်ရဲ့ အစွမ်းကြောင့်လို့ ဆိုရမှာပါ။ ကျွန်တော်တို့ အများစုဟာ အနာဂါတ်ကို ကြောက်တဲ့စိတ် ၊ ကိုယ့်စွမ်းကိုယ်စပေါ် သံသယဝင်တဲ့ စိတ်နဲ့ နေထိုင်ကြတာ ဖြစ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ လုပ်ကိုင်ဆောင်ရွက်နေသူကို မြင်ရတိုင်း စိတ်ထဲမှာ နှစ်သက် သဘောကျသွားတတ်တာ သဘာဝ ဖြစ်ပါတယ်။

(၄) ကြင်နာမှု ရှိပါစေ

Photo: Health Care Tips

လူတွေနဲ့ ဆက်ဆံရာမှာ အကြီး ၊ အငယ် ၊ အရွယ်အလတ်မရွေး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ဆက်ဆံတတ်ခြင်းကလည်း ဆွဲဆောင်မှုရှိသူတွေရဲ့ အလေ့အထထဲက တစ်ခုပါပဲ။ လူတွေကို စာနာစိတ်ထား ဆက်ဆံတာ ၊ ကရုဏာရှေးရှုတဲ့ စိတ်နဲ့ ပြုမူဆောင်ရွက်တာကို မြင်တိုင်း ၊ ကြားတိုင်းမှာ ကျွန်တော်တို့ ကြည်နူးနှစ်သက်သွားသလို အဲ့ဒီလို ကြင်နာစိတ်ရှိသူကိုလည်း လူကောင်းတစ်ယောက်အဖြစ် သဘောကျတတ်ပါတယ်။ သင်လည်း လူတွေကြားမှာ ဆွဲငင်အားကောင်းသူတစ်ယောက် ဖြစ်လာချင်ရင် ကြင်နာစိတ်နဲ့ ဆက်ဆံတဲ့ အလေ့အကျင့် လုပ်သင့်ပါတယ်။

(၅) သဘောထားကြီးပါ

Photo: Greatist

ဖွင့်ထားတဲ့ စိတ်ဟာ အမြင်ကျယ်တဲ့ စိတ်ဖြစ်ပါတယ်။ မတူညီတဲ့ လူတွေ ၊ သဘောထားတွေနဲ့ အမြင်တွေကို နားထောင်ပေးနိုင်တဲ့ လူဟာ ပြဿနာတွေကို ပိုပြီး ဖြေရှင်းနိုင်ပါတယ်။ သူ့အမြင်ဟာ လူတစ်ယောက်ချင်းစီရဲ့ အမြင်ထက် လူ့အဖွဲ့အစည်းကို လွှမ်းခြုံတဲ့ အမြင်ဖြစ်ဖို့ ပိုပြီးလည်း ကျယ်ပြန့်နက်ရှိုင်းသလို အမှန်တရားနဲ့လည်း ပိုနီးစပ်ပါတယ်။ ဒါကြောင့်ပဲ သူ့အမြင်ကို လူတွေက လေးစားလက်ခံကြပြီး သူ့ကို သဘောကျကြတာ ဖြစ်ပါတယ်။

ဆွဲဆောင်မှုရှိတယ်ဆိုတာ တန်ဖိုးကြီး ရေမွှေးတွေ သုံးတာ ၊ နာမည်ကြီး အဝတ်အစား Brand တွေမှ ဝတ်တာမျိုး မဟုတ်ပါဘူး။ လူတွေရဲ့ အမြင်မှာ နှစ်လိုဖွယ်ကောင်းတဲ့ အပြုအမူနဲ့ အတွေးအမြင်ရှိသူတွေဟာ ဆွဲဆောင်မှုရှိသူ ဖြစ်တယ်ဆိုတာ မှတ်ထားစေချင်ပါတယ်။