Gym မှာလူတွေ မထင်ထားလောက်အောင် ရောဂါပိုးမွှားတွေ အများကြီးရှိနေပါတယ်။ လူတွေက ဆေးရုံ၊ ဆေးခန်းတွေလောက်သာ ရောဂါပိုးမွှားတွေ များကြတယ်လို့ ထင်ကြတာပါ။ လူတွေ ကျန်းမာရေးအတွက် နေ့စဉ်သွားနေတဲ့ Gym မှာလည်း ရောဂါပိုးတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် နည်းလမ်းမှန်မှန်နဲ့ ကာကွယ်မှုတွေ ပြုလုပ်မယ်ဆိုရင်တော့ စိတ်ပူစရာမလိုအပ်ပါဘူး။ ဒီနေ့မှာတော့  Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်အောင် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

Photo : Freepik

ချွေးထွက်များတဲ့နေရာမှာ ချွေးကနေတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေအများကြီး ကူးစက်နိုင်ပါတယ်။ လူပေါင်းစုံ အားကစားလုပ်နေတဲ့ Gym ကရောဂါပိုးတွေကို လက်ခံထားတဲ့ နေရာကြီးပေါ့။ အထူးသဖြင့်ကတော့ ပွေး၊ ညှင်း၊ ယားနာ၊ ကြွက်နို့၊ အသည်းရောင် အသားဝါရောဂါ၊ တုပ်ကွေး၊ အနာစက် စတဲ့ရောဂါတွေကူးစက်ခံရနိုင်ပါတယ်။

ဒီလို ရောဂါတွေ ကူးစက်ခံရနိုင်တာကြောင့် Gym မသွားခင်နဲ့ Gym ကနေပြန်လာပြီဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ Gym မဆော့ခင် လက်ကိုဆပ်ပြာနဲ့ သေချာစွာဆေးကြောပေးပါ။ ဒါကတော့ ကိုယ့်လက်မှာ ကပ်ပါလာတဲ့ ရောဂါပိုးတွေ တခြားလူတွေဆီ ရောက်မသွားအောင် ကာကွယ်တာပါ။ ပြီးတော့ အလေးတုံးတွေ မမယ်ဆိုရင် လက်အိတ်ဝတ်ဆင်ဖို့လည်း အကြံပေးချင်ပါတယ်။ ဒါမှသာ ရောဂါပိုးတွေက လက်မှာကပ်ပြီး မပါလာနိုင်မှာပါ။

Photo : Freepik

နောက်တစ်ခုသတိထားရမှာက ဖိနပ်ကို ကိုယ်ပိုင်ဖိနပ်ပဲစီးပါ။ လူတစ်ကာစီးနေတဲ့ Gym ကဖိနပ်ကို လုံးဝမစီးပါနဲ့။ ခြေသည်းမှိုစွဲတဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်။ တဘက်ကို သီးသန့်ထားပါ။ တခြားလူတွေရဲ့ တဘက်ငှားရမ်းအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ ရေသောက်တဲ့အချိန်မှာလည်း Gym ကပေးထားတဲ့ ရေခွက်နဲ့ မသောက်ပါနဲ့။ ကိုယ်ပိုင်သီးသန့် ရေဗူးဆောင်ထားပြီး ရေဖြည့်သောက်ပါ။ အများသုံးရေခွက်ကို သုံးမယ်ဆိုရင် အသည်းရောင် အသားဝါရောဂါ ကူးစက်ခံရနိုင်ပါတယ်။

ပြီးတော့ Gym ကစားပြီးရင် လက်ဆေးဖို့မမေ့ပါနဲ့။ Gym ကစားနေတုန်းမှာ ဖုန်းကိုင်ကြည့်တာမျိုး မလုပ်ပါနဲ့။ ရောဂါပိုးတွေက ဖုန်းပေါ်မှာ ကပ်ပြီး ပါလာနိုင်ပါတယ်။ Gym ကစားသူအချင်းချင်း အသားချင်းမထိမိဖို့လည်း ဂရုစိုက်ပေးပါ။

Photo : Freepik

တစ်ချို့ Gym ကစားတဲ့လူတွေဟာ တစ်ပတ်လုံး တစ်ရက်မှ မနားဘဲ ဆက်တိုက်ဆော့တက်ကြတယ်။ ကိုယ့်အနေနဲ့ မောင်/မယ် ဝင်ပြိုင်ဖို့ အစီအစဉ်မရှိဘူးဆိုရင် ဒီလောက်ထိ Gym ကစားပေးစရာမလိုအပ်ပါဘူး။ ခန္ဓာကိုယ်က အနားပေးဖို့ လိုအပ်ပါတယ်။ တစ်ပတ်ကို နှစ်ရက်လောက်တော့ ကြွက်သားတွေကို အနားပေးသင့်ပါတယ်။ နောက်ဆုံး တစ်ချက်အနေနဲ့ Gym ကပြန်လာပြီးတိုင်း ရေချိုးပေးပါ။