ယောက်ျားလေးဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် ခြေထောက်လေးကြည့်လိုက်လို့ သန့်နေရင် ကြည့်ကောင်းနေရောဘဲ။ အများစုက ပုံမှန်လက်သည်းညှပ်ပေးရင် ရပြီလို့ထင်တတ်ကြပေမယ့် လှမ်းလိုက်တဲ့ ခြေတစ်လှမ်းတိုင်းမှာ ယုံကြည်မှုရှိရှိနဲ့ လှမ်းနိုင်ဖို့အတွက်ဆိုရင်တော့ သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။

အရင်ဆုံး ရေနွေးနွေးလေးကို ဇလုံတစ်လုံးထဲဖြည့်ပြီး ခြေထောက်ကို 15 မိနစ်လောက်စိမ်ထားပါ။ Spa လိုခံစားမှုမျိုးလိုချင်ရင်တော့ Epsom ဆား၊ ရှာလကာရည် ဒါမှမဟုတ် ကြိုက်တဲ့ Essential Oil ထည့်လို့ရပါတယ်။

ခြေထောက်ကို ရေဇလုံထဲကထုတ်ပြီးရင် ခြောက်သွားအောင် သေချာသုတ်ပေးပါ။ ပြီးမှ ခြေဖဝါးနဲ့ အသားမာရှိတဲ့နေရာတွေကို ခြေထောက်တိုက်တဲ့ကျောက်တုံးနဲ့ တိုက်ပေးပါ။ တိုက်တဲ့အခါ ဆဲလ်အသေတွေကိုအကုန်ပါသွားအောင် သေချာတိုက်ပေးပါ။

ဒါတွေပြီးသွားရင်တော့ လက်သည်းညှပ်နဲ့ လက်သည်းအရှည်ကို လိုသလို ညှပ်လိုက်ပါ။ ညှပ်တဲ့အခါ လက်သည်းတွေကို အရမ်းတိုတဲ့အထိ မညှပ်မိအောင် သတိထားပါ။

ညှပ်ပြီးရင် လိုချင်တဲ့ပုံစံအတိုင်းရအောင် တံစဥ်းနဲ့ပုံသွင်းပေးပါ။ လက်သည်းမျက်နှာပြင်တစ်ခုလုံးကိုလည်း ညီအောင်တိုက်ပေးပါ။ ဒါမှ လက်သည်းနီဆိုးတဲ့အခါ ချောပြီးညီနေမှာပါ။

အားလုံးပြီးသွားရင်တော့ လက်သည်းကိုအားဖြည့်ပေးဖို့ လက်သည်းတစ်ဝိုက်က အရေပြားကို အဆီနည်းနည်း လိမ်းပေးပါ။

ခြေဖနောင့်နဲ့ တစ်ဝိုက်ကအသားအရေကို ရေဓာတ်ဖြည့်ပေးဖို့ Foot Cream သို့မဟုတ် Body Lotion လိမ်းပေးပါ။ လိမ်းတဲ့အခါ ခြေချောင်းများကြားကိုပါ လိမ်းပေးပါ။

အိမ်မှာနေရင်း လက်သည်းခြေသည်းဆိုးမယ်ဆိုရင် Base Coat ကို မဖြစ်မနေဆိုးပေးပါ။ ဒီလိုဆိုးပေးတာက လက်သည်းနီကို ကြာရည်ခံတဲ့အပြင် လက်သည်းကျန်းမာရေးကို ထိန်းညှိပေးပါတယ်။