နေ့တိုင်းဟာ လက်ဆောင်ပါပဲ။ အသက်ဓါတ်တွေ ရှိနေသေးသရွေ့ နောက်တစ်နေ့ရဲ့ နေရောင်ခြည်ကို မြင်ခွင့်ရတာကိုက ကံကောင်းခြင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းကို တန်ဖိုးထားနေထိုင်ရမှာပါ။ ဒီတစ်ခေါက်မှာ ကိုယ်ရဲ့ တစ်နေ့တာကို ဘယ်လိုအဆင်ပြေအောင် နေသွားကြမလဲဆိုတာနဲ့ ပတ်သက်လို့ နည်းလမ်းတချို့ကို မျှဝေဖို့ စဉ်းစားထားပါတယ်။

(၁) အိပ်ရာဝင်/ထ အလုပ်စခန်းဖွင့်ပါ

Photo: Martha Stewart

အိပ်ရာထဲမှာ လှဲအိပ်ဖို့ မပြင်ခင် နဲ့ အိပ်ရာကနေ နိုးထဖို့ မစီစဉ်ခင်မှာ ကိုယ့်ခေါင်းကို ကိုယ့်ရဲ့ Mindset တွေ ပြုပြင်ပေးမယ့် Workshop တစ်ခုလို သဘောထားဖို့ အကြံပေးချင်ပါတယ်။ ၁၅ မိနစ်/မိနစ် ၂၀ လောက် အချိန်ပေးပြီး ဒီနေ့အတွက် ငါဘယ်လိုကောင်းမွန်တဲ့ စိတ်သဘောထားနဲ့ အိပ်ရာက ထမလဲ ဆုံးဖြတ်ပါ။ ဒီနေ့ ငါဘာတွေကောင်းတာ လုပ်ခဲ့တယ်ဆိုတာ ပြန်တွေးပြီး အိပ်ရာဝင်ပါ။

(၂) အိပ်ရေးဝနိုင်မယ့်အချိန်ကို ရွေးပြီး Alarm ပေးပါ

Photo: Health Magazine

နှိုးစက်နဲ့ အိပ်တတ်သူဖြစ်တယ်ဆိုရင် ကိုယ်အိပ်ရာဝင်တဲ့ အချိန်နဲ့တွက်ပြီး Alarm ပေးထားပါ။ အဓိကအချက်က အိပ်ရာက နိုးထလာချိန်မှာ ပြုံးနိုင်ဖို့ တစ်နည်းအားဖြင့် အိပ်ရေးဝဝအိပ်ထားတာကြောင့် ကြည်လင်နေတဲ့စိတ်ဖြစ်နေဖို့ပါပဲ။

(၃) ချီးမွမ်းတတ်ပါစေ

Photo: YouWorkForThem

ကိုယ့်ကိုယ်ကိုယ် ချီးကျူးအားပေးခြင်းဟာ ကိုယ်ဖြတ်သန်းနေတဲ့/မယ့် တစ်ရက်တာကို ပိုအဆင်ပြေအောင် လမ်းဖွင့်လိုက်တာပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတာတွေ လုပ်နိုင်ဖို့ တိုက်တွန်းနှိုးဆော်တာလည်း ဖြစ်ပါတယ်။

ဥပမာ- ဒီနေ့ဟာ သိပ်ကို ထူးခြားမှာပဲ။ ငါလည်း ကျန်းကျန်းမာမာရှိတယ်။ အာဟာရပြည့်တဲ့ အစားအစာတွေလည်း စားထားတယ်။ ဒီနေ့ ငါနဲ့တွေ့တဲ့သူတွေကို ယုံကြည်မှု ၊ ချစ်ခြင်းမေတ္တာနဲ့ ဂရုတစိုက် အလေးထား ဆက်ဆံသွားမယ်လို့ ပြောကြည့်တာမျိုး ဖြစ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် သိပါစေ

Photo: Wanderlust

တချို့နေ့တွေမှာ အဆင်မပြေတာတွေနဲ့ ကြုံနိုင်ပါတယ်။ ဘဝမှာ အမြဲတမ်း ချောမွေ့အဆင်ပြေနေတယ်ဆိုတာ မရှိဘူးမလား။ ဒေါသထွက်စရာ ၊ ဝမ်းနည်းစရာတွေနဲ့ ကြုံလာရင် အရင်ဆုံး ကိုယ်ဘာဖြစ်နေသလဲ ပြန်ကြည့်ပါ။ ပြီးရင် အကောင်းမြင်တဲ့ဘက်ကနေ ပြန်ကြည့်တတ်အောင် ကိုယ့်ကိုယ်ကိုယ် သင်ပေးပါ။

ပိုကောင်းတဲ့သူ ဖြစ်ဖို့ တစ်နေ့ချင်းမှာ မှန်ကန်တဲ့သူတစ်ယောက်ဖြစ်အောင် လုပ်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားဖို့ လိုပါတယ်။ ကိုယ့်အတွေးတွေထဲမှာ‌ ပြောတတ်တဲ့ စကားတွေဟာ ချိုသာယဉ်ကျေးပြီး မှန်ကန်တော်တည့်တဲ့ စကားတွေ ဖြစ်ပါစေ။ အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းခဲ့သမျှ နေ့တိုင်းဟာ အဆင်ပြေတဲ့နေ့တွေပဲဆိုတာ မမေ့ပါနဲ့။