အားလုံးပဲ မင်္ဂလာပါနော်။ မနက်ပိုင်းတွေမှာ မျက်အိတ်တွေဖောင်းပြီး အိပ်ရေးမဝတဲ့ရုပ်ပေါက်နေတာထက် မျက်နှာလေးလန်းပြီး ကြည်လင်နေတာမျိုးကို ပျိုမေတိုင်းလိုချင်ကြမှာပါ။ ဒီလိုဖြစ်ဖို့ မနက်ကတည်းက မိတ်ကပ်အပြည့်ပြင်စရာမလိုဘဲ သဘာဝအတိုင်းလေး ကြည့်ကောင်းနေအောင် ပံ့ပိုးပေးနိုင်မယ့် အရာတွေကို မျှဝေပေးလိုက်ရပါတယ်။ အရမ်းအားစိုက်စရာမလိုဘဲ မျက်နှာလေးကို ကြည်လင်နေစေမှာဖြစ်လို့ အကျင့်လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်-

ရေအေးအေးနဲ့ မျက်နှာသစ်လိုက်ပါ

မနက်နိုးတာနဲ့ ရေအေးနဲ့ မျက်နှာကိုပွတ်လိုက်တာမျိုး လုပ်ကြည့်ပါ။ ရေအေးအေးက အိပ်ရာထခါစ ဖြစ်တတ်တဲ့ မျက်အိတ်ဖောင်းတာတွေ၊ မျက်ကွင်းညိုတာတွေကို အရောင်ကျစေတာမို့ မိတ်ကပ်နဲ့ဖုံးနေဖို့မလိုအောင် လုပ်လိုက်သလို ဖြစ်စေမှာပါ။ လူကိုပါလန်းပြီး အိပ်ချင်ပြေသွားစေတာမို့ မနက်ပိုင်း တော်ရုံမထနိုင်တဲ့သူတွေအတွက် ကွက်တိပါပဲ။

လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးလိုက်ပါ

မနက်ပိုင်းလေ့ကျင့်ခန်း လုပ်လိုက်တာက ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ပြယ်စေတဲ့အပြင် ချွေးထွက်တာနဲ့အတူ အသားပါကြည်စေပါတယ်။ မနက်နိုးတာနဲ့ လေ့ကျင့်ခန်းလေးလုပ်ပြီး ရေချိုးလိုက်တာက သင့်ကို တစ်နေလုံး စိတ်ရောကိုယ်ပါ လန်းဆန်းသွားဖို့ အထောက်အကူဖြစ်မှာပါ။ အချိန်သိပ်မရတဲ့သူတွေက ချွေးစို့ရုံ ၁၅ မိနစ်လောက် ပုံမှန်လုပ်ပေးရင်တောင် လုံလောက်ပါတယ်။

ရေများများသောက်ဖို့လိုပါတယ်

ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်တာက အသားအရေကိုအရမ်းထိခိုက်ပါတယ်။ သင့်အသားအရောင်ကို မွဲခြောက်ပြီး အမြဲပင်ပန်းနေတဲ့ပုံပေါက်စေမှာပါ။ ရေကို တစ်နေ့ ၂ လီတာပြည့်အောင် သောက်သင့်ပြီး မနက်ခင်းတွေမှာ Skin ကြည်ကြည်လေးရဖို့ ညကတည်းက ရေတစ်ခွက်ပုံမှန်သောက်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

နားကပ်လှလှလေးတစ်စုံ ဝတ်ထားပါ

နားကပ်ဝတ်တာကလည်း သင့်ကိုသိပ်အားထုတ်စရာမလိုဘဲ မျက်နှာလေးလင်းသွားစေနိုင်ပါတယ်နော်။ ဒါကြောင့်မို့ မနက်ကတည်းက ကိုယ့်မျက်နှာနဲ့လိုက်မယ့် နားကပ်ထင်းထင်းလေးတစ်စုံ ဝတ်ပေးတာမျိုး လုပ်ကြည့်ပါ။ အာရုံလွှဲလိုက်သလိုလည်း ဖြစ်တာမို့ မိတ်ကပ်မပါတာမသိသာတော့ဘဲ သင့်ကို သဘာဝအတိုင်းလေး လှစေပါလိမ့်မယ်။

Outfit အရောင်လင်းတာလေး ရွေးဝတ်လိုက်ပါ

နားကပ်ဝတ်သလိုပဲ Outfit ကိုလည်း အရောင်မှိုင်းတာတွေထက် အရောင်နုပြီး လင်းတာလေးတွေ ရွေးချယ်ဝတ်ပေးဖို့ လိုပါတယ်နော်။ မနက်ကတည်းက အသားဆောင်တဲ့ အဝတ်တွေဝတ်ထားတာက မိတ်ကပ်မပါဘဲ အပြင်ထွက်မယ်ဆိုရင်တောင် သင့်ကို သပ်သပ်ရပ်ရပ်နဲ့ လန်းဆန်းတဲ့ Fresh Look လေးရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar