ဝက်ခြံဟာ ဆယ်ကျော်သက်တွေမှာ အဖြစ်များတဲ့ အရေပြား ပြဿနာဆိုပေမယ့် တစ်ချို့ အသက် ၃၀-၄၀ အထိလည်း ဝက်ခြံ ဖြစ်တတ်ပါတယ်။ ဝက်ခြံတွေဟာ မျက်နှာရဲ့ ဥပဓိရုပ်ကို အကြီးအကျယ် ဖျက်ဆီးတတ်တာကြောင့် ဝက်ခြံကင်းတဲ့ မျက်နှာပိုင်ရှင်ဖြစ်ဖို့အတွက် အခုပြောမယ့် အလေ့အကျင့်လေးတွေ လုပ်ထားသင့်ပါတယ်။

(၁) မျက်နှာသစ်ဖို့ မပျင်းပါနဲ့။ နူးညံ့တဲ့ မျက်နှာသစ်ဆေး ကောင်းကောင်းဟာ အရေပြားပေါ်က အဆီ ၊ အညစ်အကြေးနဲ့ မိတ်ကပ်တွေကို ဖယ်ရှားပေးလို့ ဝက်ခြံမဖြစ်စေအောင် တားဆီးနိုင်ပါတယ်။ မနက်ခင်းလောက်တင် မျက်နှာသစ်တာမျိုး မဟုတ်ဘဲ ညဘက်အိပ်ရာဝင်တဲ့ အချိန်မှာပါ မျက်နှာသစ်ပေးခြင်းအားဖြင့် မျက်နှာ အစက်အပျောက် ဖြစ်တာတွေပါ ကာကွယ်နိုင်မှာပါ။

(၂) ဖုန်းသန့်ရှင်းရေး လုပ်ပါ။ ဖုန်း Screen တစ်ခုဟာ သင်ထင်ထားတာထက် ပိုပြီး ညစ်ပတ်ပါတယ်။ လေ့လာမှုအရ မိုဘိုင်းဖုန်းတစ်လုံးဟာ အများသုံး သန့်စင်ခန်းထက်တောင် ညစ်ပတ်နေတတ်ပါတယ်။ ဒီတော့ ဒီလိုဖုန်း Screen ကို သန့်ရှင်းရေး မလုပ်ဘဲ ဖုန်းပြောမိမယ်ဆိုရင် ဝက်ခြံဖြစ်ဖို့ပိုပြီး အလားအလာ များလာမှာပါ။

(၃) မျက်နှာကို ခဏခဏ မကိုင်ပါနဲ့။ လှချင်တာ မှန်ပေးမယ့် မျက်နှာကို လက်နဲ့ သွားသွား ပွတ်ကြည့်မိတဲ့ အကျင့်ရှိရင် ဖျောက်လိုက်ပါတော့။ မျက်နှာကို လက်နဲ့ သွားပွတ်မိတာဟာ အရေပြား ယောင်ယမ်းတာနဲ့ လက်ပေါ်က အဆီနဲ့အညစ်အကြေးတွေကိုပါ မျက်နှာဆီ သွားပို့ရာ ရောက်ပါတယ်။

(၄) ခေါင်းအုံးစွပ်လဲပါ။ နေ့တိုင်း ခေါင်းအုံးညစ်ညစ်ကြီးနဲ့ပဲ အိပ်ရာဝင်ဖြစ်တယ်ဆိုရင် သတိထားပါ။ ဒါက သင့်မျက်နှာအတွက် ဘက်တီးရီးယားတွေကို ဖိတ်ခေါ်ရာ ရောက်ပါတယ်။

(၅) ကျန်းမာတဲ့ အသားအရေဖြစ်စေဖို့ အသီးအရွက် ၊ သံလွင်ဆီနဲ့ ဂျုံကြမ်းတွေ စားသင့်ပါတယ်။ ဝိုင်နီနဲ့ ပရိုတိန်းကလည်း အသားအရေကောင်းဖို့ အထောက်အကူဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ပါ။ နေရောင်အောက် အကြာကြီး မနေမိပါစေနဲ့။

(၆) ဝက်ခြံကို သွားမညှစ်မိစေပါနဲ့။ ရှိပြီးသား ဝက်ခြံကို ပိုမဆိုးစေဖို့ အကောင်းဆုံးနည်းလမ်းက လက်သည်းနဲ့ ဆိတ်တာ ၊ ညှစ်တာမျိုးု မလုပ်ဖို့ပါပဲ။

(၇) ဝိတ်အမြဲ ချိန်ပါ။ အဝလွန်ခြင်းဟာ နှလုံး ၊ သွေးတိုးနဲ့ တစ်ခြားသေနိုင်လောက်တဲ့ ရောဂါတွေအထိ ဖြစ်စေနိုင်သလို ဝက်ခြံပိုဆိုးစေတဲ့ အချက်လည်း ဖြစ်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး အစားအသောက် မှန်ကန်အောင် စားပြီး သွေးတွင်း သကြားဓါတ်ကို ထိန်းတဲ့ အကျင့်လုပ်ထားပါ။

(၈) ခေါင်းမှန်မှန်လျှော်ပါ။ ပုံမှန် ခေါင်းလျှော်ခြင်းဟာ ဦးရေပြားအတွက်ရော မလိုအပ်တဲ့ အဆီတွေပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာအပေါ်ပိုင်းမှာဖြစ်တတ်တဲ့ အစက်အပျောက်နဲ့ မှဲ့ခြောက်တွေကိုပါ ကာကွယ်နိုင်ပါတယ်။

(၉) လက်မှန်မှန်ဆေးပါ။ အားကစားလုပ်ပြီးတိုင်း လက်ဆေးဖို့ မမေ့သင့်ပါဘူး။ ချွေးထွက်နေချိန် မျက်နှာကို လက်နဲ့ ဖြစ်သလို ပွတ်မိတာကလည်း ဝက်ခြံအတွက် အန္တရာယ်ဖိတ်ခေါ်နေတာပါပဲ။

(၁၀) ဝက်ခြံရှိသူနဲ့ အလှအပ ပစ္စည်းတွေ မျှမသုံးသင့်ပါဘူး။ တစ်ခြားသူဆီက ဘက်တီးရီးယားကို ဆင့်ပွားသယ်နိုင်စေတာကြောင့် ဖြစ်ပါတယ်။