Relationship တစ်ခု နှစ်တွေအကြာကြီး ခိုင်မာမြဲမြံနေဖို့ဆိုတာ ပြောသလောက်တော့ မလွယ်ပါဘူး။ အချိန်တွေဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ နှစ်ဦးသား ဂရုတစိုက်နဲ့ လုပ်ဆောင်ရမယ့် အရာတွေ အများကြီး ရှိပါတယ်။

ကိုယ့်ချစ်သူနဲ့ ရေရှည်လက်တွဲဖို့ စဉ်းစားထားတယ်ဆိုရင် အခုပြောပြမယ့် တွဲလက်ခိုင်မြဲတဲ့ စုံတွဲတွေ ကျင့်သုံးတဲ့ အလေ့အကျင့်ကောင်းတွေကို လေ့လာအတုယူထားဖို့ လိုပါမယ်။

(၁) အပြန်အလှန် အားပေးနားလည်မှု ရှိတယ်

ချစ်သူနှစ်ဦးကြား အပြန်အလှန် အားပေးနားလည်မှု ရှိတာဟာ အချစ်ရေးကို ရေရှည်တည်တန့် ခိုင်မြဲစေမယ့် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် အေးအတူပူ အမျှဆိုသလို ကိုယ်စီ အဆင်မပြေမှုနဲ့ ဘဝအခက်အခဲတွေကို ဝေမျှခံစားရင်း ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ အပြန်အလှန်ပံ့ပိုး ဖေးမမှု ၊ အားပေးနားလည်မှုတွေ ရှိဖို့ လိုအပ်ပါတယ်။

(၂) အတူတူ ရယ်မောစရာတွေ ဖန်တီးတယ်

ဘဝဆိုတာ တကယ်ကို တိုတောင်းလှတဲ့ အချိန်ကာလ အပိုင်းအခြား တစ်ခုရယ်ပါ။ တွေ့ဆုံကြုံကြိုက်တဲ့ အချိန်ခဏလေးအတွင်းမှာ စိတ်ပင်ပန်းဆင်ရဲခြင်းတွေ ဖန်တီးမယ့်အစား ရယ်မောပျော်ရွှင်မှုတွေကိုပဲ ဖန်တီးတာက ပိုကောင်းပါတယ်။

လက်တွဲခိုင်မြဲတဲ့ ချစ်သူတွေဆိုတာ နှစ်ဦးသား အတူဆုံခိုက်မှာ ရယ်မောပျော်ရွှင်စရာတွေကို ဦးစားပေး ဖန်တီးတတ်ကြပြီး အတူတူရှိရတဲ့ အချိန်လေးတွေကို တန်ဖိုးထားကြသူတွေ ဖြစ်ပါတယ်။

(၃) ကောင်းကွက်လေးတွေ ဖြည့်တွေးတတ်ကြတယ်

လူတိုင်း လူတိုင်းကတော့ အဘက်ဘက်က ပြီးပြည့်စုံနေမှာတော့ မဟုတ်ပါဘူး။ လိုအပ်ချက်လေးတွေ ကိုယ်စီရှိကြ စမြဲပါပဲ။ တစ်ယောက်ကိုတစ်ယောက် အရှိအတိုင်းလက်ခံပြီး တစ်ယောက်ရဲ့ ကောင်းကွက်လေးတွေကို တစ်ယောက်က ရှုမြင်နိုင်မှသာ ရေရှည်မှာ အဆင်ပြေပြေနဲ့ လက်တွဲသွားနိုင်မှာပါ။ ကိုယ့်ချစ်သူရဲ့ ကောင်းကွက်လေးတွေကို ရှုမြင်တတ်ဖို့ပဲ လိုပါတယ်။

(၄) တစ်ယောက်အကြောင်းတစ်ယောက် စိတ်ဝင်တစားရှိကြတယ်

Relationship တစ်ခုမှာ အချိန်တွေကြာလာတာနဲ့ အမျှ တစ်ယောက်အပေါ်တစ်ယောက် စိတ်ဝင်စားမှု လျော့ကျလာတတ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် ရေရှည်လက်တွဲ ခိုင်မြဲကြတဲ့ ချစ်သူတွေမှာတော့ ဒီလိုမဟုတ်ပါဘူး။

ဘာအကြောင်းရှိရှိ နှစ်ဦးသား ဆွေးနွေးတိုင်ပင်ကြတယ် ၊ တစ်ယောက်အကြောင်း တစ်ယောက် စိတ်ဝင်တစား နားထောင်ပေးတတ်ကြတယ် ၊ တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို တစ်ယောက်ကို ပြန်လည် မျှဝေကြပါတယ်။

တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်တစားနဲ့ လေးလေးနက်နက်ရှိတယ်ဆိုတာဟာ ချစ်သူနှစ်ဦး ရေရှည်လက်တွဲသွားနိုင်ခြင်းရဲ့ လျို့ဝှက်ချက် တစ်ခုပဲ ဖြစ်ပါတယ်။