Luxury Lifestyle မျိုး ပိုင်ဆိုင်ဖို့ဆိုတာ သင် ထင်ထားတာထက်ကို ပိုမိုရိုးရှင်းပါတယ်။ သင့်ဘဝမှာ နေ့စဉ်လုပ်ဆောင်နေတဲ့ အလေ့အကျင့်တချို့ကို ပြုလုပ်ပြောင်းလဲခြင်းအားဖြင့် ကိုယ့်ရဲ့ဘဝကို အဆင့်အတန်းမြင့်မြင့်နဲ့ ဇိမ်ကျကျနေရအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

ဘယ်လိုအလေ့အကျင့်ကောင်းများက သင့်ကို ဇိမ်ကျကျနဲ့နေရတဲ့ Luxury Lifestyle မျိုး ပိုင်ဆိုင်ရအောင် ကူညီပေးမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

စိတ်ဖိစီးမှုများကို ဖယ်ရှားလိုက်ပါ

စိတ်ဖိစီးနေတဲ့အခါ ဘဝကြီးက ပျော်ရွှင်စရာကောင်းမှာ မဟုတ်တော့ပါဘူး။ အလုပ်ချည်းပဲ ဖိလုပ်နေတဲ့အခါ သင့်ကိုယ်ပိုင်ဘဝလည်း တဖြည်းဖြည်းပျောက်ဆုံးလာမှာဖြစ်ပါတယ်။ ကမ္ဘာကျော်အနုပညာရှင်များ၊ ဆယ်လီများ၊ လုပ်ငန်းတာဝန်အများအပြား ယူထားရသော ရာထူးကြီးကြီးသူများပင်လျှင် ကိုယ့်ကိုယ်ပိုင်အချိန်၊ ကိုယ့်မိသားစုအတွက် အချိန်ပေးဖို့အတွက် ကြိုးစားလေ့ရှိကြပါတယ်။ သင်လည်း ကိုယ့်ရဲ့ကိုယ့်ပိုင်ဘဝ၊ ကိုယ့်မိသားစုအတွက် အချိန်ပေးဖို့ ကြိုးစားလိုက်ပါ။ ကိုယ် ချစ်ခင်ရတဲ့သူတွေနဲ့ အတူတူ အချိန်ကုန်ဆုံးတဲ့အခါ စိတ်ဖိစီးမှုများလည်း ပြေပျောက်သွားပါလိမ့်မယ်။

တစ်နေကုန်လုံး စမတ်ဖုန်း၊ ကွန်ပျူတာတို့ မသုံးဘဲ နေကြည့်ပါ

အလုပ်ပိတ်ရက်၊ အားလပ်ရက်မျိုးတွေမှာ Tech-Free Day ဆိုပြီး တစ်ရက်လောက် သတ်မှတ်ကာ ဆိုရှယ်မီဒီယာများနဲ့ ဝေးဝေးနေလိုက်ပါ။ စမတ်ဖုန်း၊ ကွန်ပျူတာတို့ မသုံးတဲ့အခါ ကိုယ့်အတွက်လည်း အချိန်ပိုရလာပြီး ကိုယ်ဝါသနာပါတဲ့အရာများအတွက် အာရုံပိုစိုက်လာနိုင်ပါလိမ့်မယ်။

ကျန်းမာတဲ့နေထိုင်မှုဘဝကို အာရုံပြုထားပါ

ကိုယ့်အိမ်က ဖုန်တလိမ်းလိမ်းနဲ့ ညစ်ပတ်နေပါသလား။ ကိုယ့်အိမ်အတွက်၊ ကိုယ့်ကျန်းမာရေးအတွက် ဖုန်စုပ်စက်လေးတစ်လုံးလောက် ဝယ်ထားလိုက်ပါ။ ရေခဲသေတ္တာထဲတွင် မုန့်ပဲသရေစာများထက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သစ်သီးဝလံများ ဝယ်ထည့်ထားပါ။ ကိုယ့်ရဲ့အသား အရေအလှအပအတွက် ပိုက်ဆံအနည်းငယ်လောက် ထပ်သုံးပါ။ ဒါဆိုရင်တော့ Luxury ဆန်ပြီး ကျန်းမာလှပတဲ့နေထိုင်မှုဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။

ကိုယ် နှစ်သက်တာတစ်ခုခု ဝယ်ယူပါ

ကိုယ် လိုချင်တဲ့ပစ္စည်းက ဈေးအရမ်းကြီးလို့ မတတ်နိုင်သေးပါဘူးလေဆိုပြီး ထိုင်ညည်းနေလို့မရပါဘူး။ သင် အမှန်တကယ်လိုချင်တယ်ဆိုရင်တော့ သင့်ရဲဝင်ငွေထဲကနေ တစ်လချင်းစီ နည်းနည်း နည်းနည်းခန့် စုသွားမယ်ဆိုရင် အချိန်အတန်အသင့်ကြာတဲ့အခါမှာ သင် လိုချင်နေတဲ့ထိုပစ္စည်းလေးကို ရရှိသွားမှာပဲဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်က သင့်မှာ ၁ ကနေ စချင်စိတ်ရှိဖို့ပါပဲ။ ပထမခြေလှမ်း မလှမ်းဘဲနဲ့တော့ ကိုယ်သွားချင်တဲ့ခရီးကို မရောက်နိုင်ပါဘူး။