အလှအပ Group တွေမှာ အသက် ၁၃၊ ၁၄ အရွယ်မှာ ဘယ်ဆေး သောက်ရမလဲ၊ ဘယ်လို Cosmetics စသုံးရမလဲ စတဲ့ မေးခွန်းတွေကို ရံဖန်ရံခါ တွေ့ရမှာပါ။ ဒီလို အရွယ်က ငယ်ရွယ်နုနယ်တဲ့ အရွယ်ဖြစ်တာမို့ Cosmetics မကောင်းတာတွေ သုံးမိရင် အသားအရေက အသက်ကြီးတဲ့အထိ ဒီပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။ ငယ်ရွယ်စဉ် ကိုယ့် အပြုအမူတွေက အသက်အရွယ် တစ်ခု ရောက်လာတဲ့အခါ ပြန် အကျိုးသက်ရောက်လာတတ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အသက် ၁၅ အောက် လူငယ်လေးတွေ လုပ်နိုင်မယ့် အသားအရေ၊ အလှအပ ထိန်းသိမ်းနည်းတွေကို ဖော်ပြပါရစေ။

၁။ သင့်မျက်နှာကို တစ်နေ့မှာ နှစ်ကြိမ်သစ်ပေးပါ

ငယ်သေးတာကြောင့် အသားအရေကို ဂရုအရမ်းမစိုက်လည်း ရတယ်ဆိုတာ မှန်ပေမယ့် တစ်နေ့မှာ မျက်နှာ ပုံမှန် နှစ်ခါ သစ်ပေးဖို့တော့ လိုအပ်ပါတယ်။ ဒီလိုမှ မျက်နှာပေါ်က ဆဲလ်သေတွေက ကွာကျပြီး အသားအရေ ချောမွေ့မှာပါ။

၂။ နိုးတာနဲ့ ရေသောက်ပါ

ဒီအလေ့အကျင့်က ပထမ အစမှာတော့ လေ့ကျင့်ရတာ ခက်နိုင်ပါတယ်။ ဒါပေမဲ့ အသက်ငယ်ရွယ်ကတည်းက မနက်နိုးလို့ ရေသောက်တတ်တဲ့ အကျင့်ကို စတင်ထားမယ်ဆိုရင် အသက်အရွယ် တစ်ခု ရောက်လာရင် အကျိုးကျေးဇူးအများကြီး ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

၃။ စားရမယ့်အချိန် မှန်မှန်ကန်ကန်စားပါ

ငယ်သေးတဲ့အချိန် အစာချေစနစ် ကောင်းမွန်တာကြောင့် ထွေထွေထူးထူး ဝိတ်ချနည်းလမ်းတွေ လုပ်စရာ မလိုပါဘူး။ မနက်စာ၊ နေ့လည်စာ၊ ညစာ စတာတွေကို နည်းနည်းစီနဲ့ မှန်မှန် စားပေးသင့်ပါတယ်။

၄။ ရေခဲ

မျက်နှာကို တစ်ပတ်တစ်ခါခန့် ရေခဲနဲ့ ပွတ်ပေးမယ်ဆိုရင် အသားအရေ သွေးလည်ပတ်မှု ကောင်းစေပြီး Glow လာပါလိမ့်မယ်။ ရေခဲနဲ့ ပွတ်တဲ့အချိန် ကြားခံ ပိတ်စ အသန့်ကို သုံးပေးသင့်ပါတယ်။

၅။ စောစောအိပ်ပါ

ငယ်စဉ်တည်းက အိပ်ချိန်မှန်မှန် ထားတဲ့အကျင့်ကို မွေးမြူသင့်ပါတယ်။ ဒီလိုဆို သင့်ရဲ့ အသက်ကြီးလာမယ့် အနာဂတ်က လက်ရှိသင့်ကို ကျေးဇူးတင်နေပါလိမ့်မယ်။

၆။ Lip Balm သုံးပါ

နှုတ်ခမ်း စိုစိုအိအိလေး ဖြစ်နေဖို့ Lip Balm သုံးသင့်ပါတယ်။ လူငယ်အရွယ်မှာ ဝက်ခြံဖြစ်ဖို့ လွယ်ကူပြီး နှုတ်ခမ်းခြောက်ဖို့လည်း လွယ်ကူတာကြောင့် နှုတ်ခမ်းကို တံတွေးခဏခဏ စွတ်တာ ရှောင်သင့်ပြီး Lip Balm သုံးသင့်ပါတယ်။

၇။ Sunscreen လိမ်းပါ

အသက်ငယ်ငယ်တည်းက Sunscreen ကို စသုံးနိုင်ပါပြီ။ အပြင်ထွက်ခါနီး Sunscreen လိမ်းပေးတာ၊ အိမ်မှာနေရင်း Sunscreen ပါးပါးလေး လိမ်းပေးတာ စတာတွေကို ပုံမှန်လုပ်သွားသင့်ပါတယ်။

၈။ တစ်ပတ်မှာ တစ်ခါ Sheet Mask သုံးနိုင်ပါတယ်

သင်က အသက်ငယ်ရွယ်စဉ်မှာ အသားအရေ လှချင်တယ်ဆိုရင် အစိုဓာတ်ပေးတဲ့ Sheet Mask တွေကို သုံးနိုင်ပါတယ်။

၉။ လက်သည်းနီဆိုးပါ

သင်က အသက်ငယ်ငယ်လေးနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိချင်ရင် လက်သည်းနီ ဆိုးသင့်ပါတယ်။

၁၀။ ကြင်နာမှုတရားနဲ့ ကိုယ်ချင်းစာစိတ်ရှိပါ

ဒါကတော့ အရေးအကြီးဆုံး အချက်ပါ။ သင်က အသက်ငယ်ငယ်လေးထဲက လူတွေအပေါ် ကြင်နာဖို့၊ သူတို့နေရာဝင်တွေးပြီး ကိုယ်ချင်းစာစိတ်ရှိဖို့ ကြိုးစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar