ရေမွှေးဝယ်တဲ့အချိန် သင်က Blind Buy ဝယ်လေ့ရှိသူလား၊ ဒါမှမဟုတ် ဆိုင်မှာ ကိုယ်တိုင်သွားကာ ဝယ်လေ့ရှိသူလား။ ကိုယ်နှစ်သက်တဲ့ ရေမွှေးနံ့ကို လိုချင်တယ်ဆိုရင်တော့ ဆိုင်မှာ ကိုယ်တိုင်သွားဝယ်တာက အထိရောက်ဆုံး နည်းလမ်းပါ။

Blind Buy တဲ့အခါ ရောင်းတဲ့သူရဲ့ အညွှန်းတွေကိုပဲ နားထောင်ရပြီး ကိုယ်တိုင် မရှူရတာကြောင့် တကယ်ကြိုက်မကြိုက် မသိဘဲ တကယ်ရောက်လာတဲ့အခါ အဆင်မပြေတာကြောင့် ဒီအတိုင်းပဲ ထားလိုက်ရတဲ့ အဖြစ်မျိုးကို ရေမွှေး Blind Buy သမားတွေ ကြုံဖူးမှာပါ။

ဒီတစ်ခေါက်မှာတော့ အပြင်မှာ သွားဝယ်မယ့် သူတွေအတွက် ကိုယ်နှစ်သက်တဲ့ ရေမွှေးနံ့ကို ချက်ချင်းရလာစေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ပြင်ဆင်ပါ

သင်က ရေမွှေးဝယ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ဖုန်းထဲမှာ ဘယ်နံ့က ဘယ်လိုရှိတယ်၊ ဘယ်အနံ့ကို သင်နှစ်သက်လောက်တယ် စသဖြင့် ကြိုတင် မှတ်ပြီး ဆိုင်မှာ သွားကြည့်သင့်ပါတယ်။

၂။ ဘာရေမွှေးမှ မစွတ်ဘဲ သွားဝယ်ပါ

သင်က အိမ်မှာရှိတဲ့ ရေမွှေးကို စွတ်သွားရင် ဆိုင်က ရေမွှေးနံ့တွေနဲ့ ရောသွားနိုင်ပါတယ်။ ရေမွှေးဝယ်မယ့် နေ့မှာ ဘာမှမစွတ်ဘဲ သွားတာ အကောင်းဆုံးပါ။

၃။ ရေမွှေးဆိုင်ကို တန်းသွားပါ

တခြားဆိုင်တွေကို အရင်မဝင်ဘဲ ရေမွှေးဝယ်တဲ့ဆိုင်ကိုပဲ တန်းသွားသင့်ပါတယ်။ သင့်နှာခေါင်းကပထမဆုံး ရလိုက်တဲ့ အနံ့ကို စွဲသွားတတ်လို့ပါ။

၄။ အနည်းငယ်လောက်ကိုပဲ စမ်းပါ

ပထမဆုံးမှာ ပြောထားတဲ့အချက်က ဒါကြောင့်ပါပဲ။ ကိုယ်ဝယ်ဖို့ စဉ်းစားထားတဲ့ ရေမွှေး အနည်းဆုံး သုံးမျိုးကနေ လေးမျိုးကိုပဲ စမ်းကြည့်သင့်ပါတယ်။

၅။ အငွေ့ပျံစေပါ

ရေမွှေးကို လက်ပေါ်ရောက်တာနဲ့ မရှူဘဲ အငွေ့ပျံအောင် ထားပြီးမှ ရှူသင့်ပါတယ်။ ဒီလိုမှ ရေမွှေးရဲ့ အနံ့အမှန်ကို သိမှာပါ။

၆။ ခဏပဲ ရှူပါ

ရေမွှေးအနံ့ကို ရှူတာက ဝိုင်မြည်းသလိုပါပဲ။ ဝိုင်ကို တစ်တို့လေး မြည်းသလို ရေမွှေးနံ့ကိုလည်း ခဏလောက်ပဲ ရှူပေးမှ ထပ်လာမယ့် အနံ့အသစ်တွေအတွက် နေရာရှိမှာပါ။

၇။ ကော်ဖီစေ့ကို မရှူပါနဲ့

ရေမွှေးဆိုင် အများစုမှာ အနံ့မရောသွားစေဖို့ ကော်ဖီစေ့တွေ ထားတတ်ပါတယ်။ ဒါကနှာခေါင်းအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတာမို့ ကိုယ့်ပဝါ၊ ပိတ်စကိုပဲ ခပ်ပြင်းပြင်း ရှူလိုက်သင့်ပါတယ်။

၈။ မှတ်ထားပါ

ဘယ်ရေမွှေးတံဆိပ်က ဘယ်လိုအနံ့ရှိလဲ မှတ်ထားသင့်ပါတယ်။ ဒီလိုမှ ရေမွှေးတွေ မရောသွားမှာပါ။

၉။ နှိုင်းယှဉ်တဲ့အခါ

သင်ပထမဆုံး စွတ်ပြီး ရလိုက်တဲ့အနံ့က ပိုပြင်းတယ် ထင်ရပေမယ့် သင့်နှာခေါင်းကြောင့် ဒီလိုထင်သွားစေတာပါ။ ဒါကြောင့် သတိထား ပြီး နှိုင်းယှဉ်သင့်ပါတယ်။

၁၀။ အပြင်ဘက်မှာ ရှူကြည့်ပါ

သင်က ရေမွှေးနံ့တွေကို ရပြီဆိုရင် အပြင်မှာ တစ်ခါ ရှူကြည့်သင့်ပါတယ်။ အပြင်လေထုထဲကို ရောက်မှ တကယ့်အနံ့ကို သိနိုင်မှာပါ။

၁၁။ အဝေးကနေ ရှူပါ

ရေမွှေးနံ့ကို တိုက်ရိုက်ကြီးမဟုတ်ဘဲ အဝေးကနေ ရှူမှ တကယ့်အနံ့ကို သိမှာပါ။

၁၂။ ပြင်းအား အမျိုးမျိုး ရှိပါတယ်

ရေမွှေးမှာမှ Eau de Parfum က အပြင်းဆုံးဖြစ်ပြီး Eau de Toilette ကတော့ အပျော့ဆုံးအနံ့ပါ။ ဒါတွေကို သိထားသင့်ပါတယ်။

၁၃။ မဝယ်ခင် စောင့်ပါ

အရောင်းဝန်ထမ်းက သင့်ကို ညွှန်းလွန်းတာကြောင့် အားနာပြီး ချက်ချင်း ဝယ်တာမျိုးကို ရှောင်သင့်ပါတယ်။ မဝယ်ခင် ကိုယ်တကယ်ကြိုက်ရဲ့လား သေချာ တွေးပြီးမှ ဝယ်သင့်ပါတယ်။

၁၄။ Sample

Sample တွေကို ယူလာခဲ့ဖို့ အားမနာသင့်ပါဘူး။ ရေမွှေးဆိုင်တွေက ဒီ Sample တွေက တဆင့် ရောင်းနေရတာပါ။

၁၅။ သိအောင် ကြိုးစားပါ

သင့်အနေနဲ့ ဘယ်ရေမွှေးနံ့က သင့်ကိုယ်သင်းနံ့နဲ့ အဆင်ပြေလဲ၊ ရေမွှေးမှာမှ ဘယ်လိုအနံ့တွေ ရှိလဲ မဝယ်ခင်တည်းက အကုန်သိအောင် ကြိုးစားထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar