မိန်းကလေးတစ်ယောက်ကို လိုက်ရမလား မလိုက်ရမလား ဆိုပြီး သူတို့ရဲ့ရုပ်ရည်ကိုကြည့်ကာ အမျိုးသားအများစု အရင်ဆုံး ဆုံးဖြတ်တတ်ကြတယ်ဆိုပေမယ့်လည်း ရေရှည်အတွက်ဆိုရင် အဓိကကြည့်တာကတော့ မိန်းကလေးတွေရဲ့အပြုအမူတွေပဲဖြစ်ပါတယ်။

အခုပြောပြပေးမယ့် မိန်းကလေးတွေရဲ့ အမူအကျင့်တချို့ကတော့ အမျိုးသားတွေကို စိတ်ကုန်စိတ်ပျက်လောက်တဲ့အထိ ဖြစ်သွားစေနိုင်တဲ့အချက်တွေမို့ မလုပ်မိအောင် ကြိုးစားကြမယ်နော်။

တချိန်လုံးအပြင်ပဲထွက်နေခြင်း

အမျိုးသားတချို့က ပျော်ပျော်နေတတ်ပြီး ပါတီတွေကြိုက်တဲ့ အမျိုးသမီးတွေကို သဘောကျကြပေမယ့်လည်း အရက်အလွန်အကျွံသောက်ခြင်း၊ လူအများကြီးနဲ့ ပါတီတွေလျှောက်တက်ခြင်း၊ Night Out တွေ မကြာမကြာထွက်ခြင်းတို့လို အကျင့်မျိုးတွေကတော့ ရေရှည်လက်တွဲဖို့စဥ်းစားမယ့်သူတွေအတွက် လုံးဝနိုးနိုးပါပဲ။

အတင်းတုပ်ခြင်း

တဖက်သားရဲ့ ရုပ်ရည်နဲ့ပတ်သက်လို့ ဒါမှမဟုတ် အချစ်ရေးအချစ်ရာကိစ္စတွေနဲ့ပတ်သက်လို့ တအားအတင်းတုပ်တတ်တာမျိုးက စိတ်ရှုပ်စိတ်ညစ်စရာကောင်းလှပါတယ်။ ငါ့နောက်ကွယ်မှာရော သူဒီလိုပဲ အတင်းတုပ်နေမလားဆိုပြီး ကိုယ့်ချစ်သူကောင်လေးကို အတွေးတွေဝင်သွားစေတတ်ပါတယ်။

နေရာဒေသအလိုက် အဝတ်အစားမဝတ်တတ်ခြင်း

အိမ်နားက ပန်းခြံလေးထဲ လမ်းလျှောက်သွားမယ်ဆိုရင်တောင် လှလှပပဖြစ်ချင်တတ်ကြပါတယ်။ ဒါပေမယ့် သူ့အချိန်အခါအလိုက် သင့်တော်၏မသင့်တော်၏ မစဥ်းစားဘဲနဲ့ ဒေါက်မြင့်ဖိနပ်ကြီးတွေစီးမယ်၊ အရမ်းကြပ်တဲ့အဝတ်အစားတွေဝတ်ပြီး ချစ်သူကောင်လေးကို တချိန်လုံး နားပူနားဆာတွေလုပ်မယ်ဆိုရင် စိတ်ပျက်စရာဖြစ်လာနိုင်ပါတယ်။

အကြောင်းအရင်းမရှိဘဲ ငိုခြင်း

အမျိုးသားတွေ အကြောက်ရဆုံးအရာတွေထဲမှာ အမျိုးသမီးတွေရဲ့မျက်ရည်က ထိပ်ဆုံးထဲမှာပါနေပါတယ်။ သူတို့ငိုပြီဆို ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပါဘူး၊ အထူးသဖြင့် ဘာကြောင့်ငိုမှန်းမသိတာက အဆိုးဆုံးပါပဲ။ ခဏခဏ မျက်ရည်ကျတတ်တဲ့ အကျင့်ကဆက်တိုက်ဖြစ်လာမယ်ဆို အချိန်ကြာလာတဲ့အခါ သနားတာထက် ဒေါသပဲဖြစ်လာစေပါလိမ့်မယ်။

အပြင်သွားခါနီးတိုင်း အလှပြင်တာ အချိန်အရမ်းကြာခြင်း

အပြင်သွားမယ်လို့ပြောထားတိုင်း ဆံပင်ကောက်ဆံပင်ဖြောင့်နေရလို့၊ မိတ်ကပ်ပြင်နေရလို့ အရမ်းအချိန်ကြာတတ်ပြီး ကတိတွေမကြာမကြာဖျက်တတ်မယ်ဆိုရင် သင့်ရဲ့အချိန်မှန်ကန်မှုနဲ့ တာဝန်ယူမှုတို့အပေါ်မှာ ယောကျာ်းလေးတွေဖက်ကနေ မေးခွန်းထုတ်လာနိုင်ပါတယ်။ နာရီတွေ ဘယ်လောက်ကြာကြာ အချိန်ယူပြီး ပြင်ထားတဲ့ဆံပင်ပဲပြောပြော သူတို့အတွက်က အားလုံးအတူတူပါပဲ။

အမေးထူခြင်း

မိန်းကလေးတွေက သူလှလား၊ ဝလား၊ အိုလာပြီလား စတဲ့ မေးခွန်းတွေအမြဲမေးပြီး အမျိုးသားတွေကို ချောင်ပိတ်မိစေတတ်ပါတယ်။ သူတို့လိုချင်တဲ့အဖြေမကြားရရင်လည်း စိတ်တိုင်းမကျတာမျိုးက ဖြစ်တတ်သေးတယ်ဆိုတော့ အလကားမေးခွန်းတွေလျှောက်မေးပြီး နှစ်ယောက်သားပြဿနာအဖြစ်မခံပါနဲ့။

Source: BrightSide

By MyStyle Myanmar