အသားအရေအလှကို ဂရုစိုက်လေ့ရှိကြတဲ့ စာဖတ်သူပျိုမေတို့အားလုံးပဲမင်္ဂလာပါ။ ပျိုမေတို့ရဲ့ နေ့စဉ်စားသောက်မှုပုံစံက အသားအရေကျန်းမာရေးကိုလည်း သက်ရောက်မှုရှိတာဖြစ်လို့ သင့်အနေနဲ့ အသားအရောင်မွဲပြီး ခြောက်ကပ်လာသလိုခံစားရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့စားသောက်ပုံကိုလည်း ပြန်လည်ဆန်းစစ်ပေးဖို့အရေးကြီးပါတယ်နော်။

အခုတစ်ခေါက်ဆောင်းပါးမှာဖော်ပြပေးမယ့် စားသောက်မှုပုံစံတွေက ဝက်ခြံ၊ အမဲစက်တွေလို အဖြစ်များတဲ့အသားအရေပြဿနာတွေကို ဖယ်ရှားပေးနိုင်ပြီး ပျိုမေတိုင်းလိုချင်တဲ့ Glow Skin လေးကိုရရှိစေမှာပါ။ ဒီတော့ ပြောင်းလဲစားသောက်သင့်တဲ့ပုံစံတွေကို ကြည့်လိုက်ရအောင်။

၁။ ဗီတာမင်အေပါဝင်တဲ့ အသီးအရွက်တွေရွေးချယ်ပေးပါ


ဗီတာမင်အေက အသားအရေအတွက်များစွာအကျိုးပြုတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး သူ့မှာ အရေးအကြောင်းကင်းကာ အသားအရေကြည်လင်တင်းရင်းစေတဲ့ အာနိသင်တွေပါဝင်ပါတယ်။ ဗီတာမင်အေဓာတ်ရရှိဖို့အတွက် သင်္ဘောသီး၊ ကန်စွန်းဥနဲ့ ရွှေဖရုံသီးတွေအပြင် ကိုက်လန်၊ ဟင်းနုနွယ်စတဲ့အရွက်တွေကိုပါ စားသုံးပေးသင့်ပါတယ်။

၂။ ဗီတာမင်စီဓာတ်လည်းလိုအပ်ပါတယ်

ဗီတာမင်စီက ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်တဲ့အပြင် အသားအရေအတွက်လည်း အရေးပါတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ သူက အသားနီမြန်းခြင်းတွေကိုသက်သာစေပြီး အသားအရေနူးညံ့လာစေဖို့ပါထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင်စီဓာတ်ရဖို့ ဆေးသောက်တာထက် အစားအသောက်တွေ စားသုံးပေးတာကပိုကောင်းတာကြောင့် မုန်လာဥနီ၊ လိမ္မော်သီး၊ ကီဝီသီးနဲ့ ဘယ်ရီသီးအမျိုးမျိုးစတဲ့ ဗီတာမင်စီပါဝင်တဲ့အသီးတွေကိုစားသုံးပေးဖို့လိုပါတယ်။

၃။ ဗီတာမင် E အတွက်အစေ့အဆံတွေစားပေးပါ


ဗီတာမင် E က အသားအရေကျန်းမာရေးကိုမြှင့်တင်ပေးနိုင်တာကြောင့် Skincare ပစ္စည်းတွေမှာ ထည့်သုံးလေ့ရှိပါတယ်။ ဒါကြောင့် သင့်အနေနဲ့လည်း ဗီတာမင် E ကြွယ်ဝတဲ့ ဗာဒံစေ့၊ သီဟိုစေ့စတဲ့ အစေ့အဆံတွေနဲ့ ထောပတ်သီးတို့ကိုစားသုံးပေးသင့်ပါတယ်။

၄။ Glow Skin အတွက် ပရိုတင်းကြွယ်ဝနေဖို့လည်းလိုပါတယ်


ပရိုတင်းပါဝင်တဲ့အစားအစာတွေထဲကမှ ဥအမျိုးမျိုးကိုအဓိကထားပြီးစားသုံးပေးပါ။ ဥအမျိုးမျိုးမှာပါတဲ့ အာဟာရဓာတ်တွေက အသားအရေကိုချောမွေ့စေပြီး ကိုယ်တွင်း Collagen ပမာဏမြင့်တက်စေဖို့ ကူညီပေးပါလိမ့်မယ်။

၅။ ရေလုံလောက်အောင်သောက်ဖို့လည်းမမေ့ပါနဲ့


ရေမသောက်တာက အသားအရေခြောက်သွေ့ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါပဲ။ ဒါကြောင့် ရေကိုကိုယ်နဲ့အတူဆောင်ထားပြီး တစ်နေ့ နှစ်လီတာလောက်ပြည့်အောင်သောက်ပေးပါ။ ရေဓာတ်ပါဝင်မှုများတဲ့ အသီးတွေဖြစ်တဲ့ သခွားသီး၊ ဖရဲသီးတို့ကိုလည်းစားသုံးပေးသင့်ပါတယ်။

၆။ ကျန်းမာတဲ့အသားအရေအတွက် Zinc ဓာတ်ကိုလည်းလိုအပ်ပါတယ်


Zinc ဓာတ်က အစိုဓာတ်ရစေဖို့ အရေပြားသဘာဝအဆီထုတ်လုပ်ရာမှာထောက်ပံ့ပေးနိုင်ပါတယ်။ Zinc ပါဝင်တဲ့အစားအသောက်တော်များများရှိပြီး အထူးသဖြင့် အနီရောင်အသား၊ ငါးအမျိုးမျိုးနဲ့ အစေ့အဆံတွေကိုစားသုံးပေးနိုင်ပါတယ်။

၇။ အဆီဓာတ်ပါတဲ့အစားအသောက်တွေကိုလည်း စားသုံးပေးသင့်ပါတယ်

ပျိုမေတို့အများစုက ဝိတ်တက်မှာကြောက်တာကြောင့် အဆီပါတဲ့အစားအစာတွေကို ရှောင်တတ်ကြပါတယ်။ ဒါပေမယ့် သင့်အသားအရေအတွက် အဆီဓာတ်လည်းလိုအပ်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ သဘာဝအဆီဓာတ်တွေပါဝင်တဲ့ အစားအစာတွေကိုစားပေးဖို့လည်းမမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar