မိန်းကလေးတိုင်းက လှပတဲ့အသားအရေ၊ ပိုးသားလေးလို နူးညံ့တောက်ပြောင်တဲ့ ဆံကေသာနဲ့ ကျန်းမာလှပတဲ့ လက်သည်းခြေသည်းလေးတွေကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီလိုမျိုး အဘက်ဘက်က ပြစ်မျိုးမှဲ့မထင်လှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဘယ်လိုအချက်တွေက မိမိကို ပိုမိုလှပလာအောင် ကူညီပေးနိုင်သလဲဆိုတာကို သိထားဖို့လိုပါတယ်။

ဈေးကြီးတဲ့အလှကုန်ပစ္စည်းတွေကို အားကိုးမယ့်အစား အချိန်ရော ငွေရော ချွေတာလို့ရမယ့် အလှအပဆိုင်ရာနည်းလမ်းတချို့ရှိပါတယ်။ ဘယ်လိုနည်းလမ်းတွေ ဖြစ်မလဲဆိုတာကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

အယ်လ်မွန်ဆီ

အယ်လ်မွန်ဆီက ဝက်ခြံများကို တိုက်ဖျက်ပေးနိုင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်ခုဖြစ်သလို နှုတ်ခမ်းဆီနှင့် မိတ်ကပ်ဖျက်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ပြုလုပ်ရမယ့်နည်းလမ်းလေးကတော့ ဝါဂွမ်းစပေါ်သို့ အယ်လ်မွန်ဆီလေး အနည်းငယ်ဆွတ်ပေးပြီးနောက် နှုတ်ခမ်းပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိတ်ကပ်ဖျက်မယ်ဆိုရင်လည်း ထိုနည်းအတိုင်း အသုံးပြုနိုင်ပါတယ်။

Vaseline

သင့်မျက်ခုံးမွှေးတွေက မညီမညာ ကျိုးတိုးကျဲတဲပေါက်နေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ Vaseline ကိုသာ သတိရလိုက်ပါ။ Vaseline ကို မျက်ခုံးမွှေးပေါ် လိမ်းကျံပြီးနောက်မှာ မျက်ခုံးမွှေးဘရက်ရှ်ဖြင့် မိမိလိုချင်တဲ့အနေအထားရအောင် ပွတ်တိုက်ပေးလိုက်ပါ။ ဒါဆိုရင်တော့ မျက်ခုံးမွှေးတွေက ညီညီညာညာ ထူထူထဲထဲလေး ပေါက်လာပါလိမ့်မယ်။

အုန်းဆီ

ဆံပင်တွေကို ကောက်လိုက်၊ ဖြောင့်လိုက်၊ ပုံသွင်းလိုက်၊ ဖယောင်းသွင်းလိုက်နဲ့ ကြာလာတော့ ဆံပင်က ပျက်စီးကြမ်းတမ်းလာတတ်ပါတယ်။ ဆံကေသာအလှကို ပြန်လည်ထိန်းသိမ်းဖို့အတွက် အုန်းဆီကို အသုံးပြုပေးလိုက်ပါ။ ခေါင်းမလျှော်ခင်မှာ ဦးရေပြားကို အုန်းဆီဖြင့် လိမ်းကျံကာ ၃ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ ခေါင်းလျှော်ပေးလိုက်ပါ။ အုန်းဆီရဲ့အာဟာရဓာတ်က သင့်ရဲ့ဆံကေသာကို ကျန်းမာတောက်ပြောင်စေပါလိမ့်မယ်။

ရေမွှေးနံ့ကို တစ်နေကုန်ကြာရှည်ခံအောင် အသုံးပြုချင်တယ်ဆိုရင်

ရေချိုးပြီးပြီးချင်းမှာ ရေမွှေးဆွတ်ပေးလိုက်ပါ။ ခန္ဓာကိုယ်ရဲ့စိုထိုင်းဆက ရေမွှေးနံ့ ကြာရှည်ခံအောင် ကူညီပေးပါလိမ့်မယ်။

အိုင်းလိုင်နာ ကုန်သွားတဲ့အခါမျိုးမှာ

Mascara ကို အိုင်းလိုင်နာအဖြစ် အစားထိုးအသုံးပြုနိုင်ပါတယ်။ ကုန်သွားတဲ့အိုင်းလိုင်နာဘရက်ရှ်လေးကို Mascara ဖြင့် အနည်းငယ်တို့ပေးပြီးနောက် မျက်ခွံပေါ်မှာ လိမ်းကျံပေးလိုက်ပါ။

Source: Lifehacks.io

By MyStyle Myanmar