လူတစ်ယောက်ကို သဘောကျမိတာနဲ့ စားလည်း ဒီစိတ်၊ သူနဲ့ ပတ်သက်တာတွေ အကုန်သိချင်၊ သူက ကိုယ့်ကို တစ်ခုခု ပြောလိုက်ရင် ရူးမတက် ပျော်၊ ဝမ်းနည်းစရာဆိုရင်လည်း အသေအကြေ ခံစား စသဖြင့် အရူးအမူး ဖြစ်တတ်သူတွေ ရှိပါတယ်။ သူ့မျက်နှာလေးကို သင့်ခေါင်းထဲ အပြည့်အဝ ထည့်ထားတတ်ပါတယ်။ ဒါက သူ့ဘက်ကလည်း ကိုယ့်အပေါ် ခံစားချက်ရှိတယ်ဆိုရင် ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သင်က အတွေ့အကြုံရှိဖူးသူဆိုရင် အချစ်ရေးမှာ ကိုယ့်ဘက်က အရူးအမူး ဖြစ်ပြလေ ဟိုဘက်က ထွက်ပြေးလေဆိုတာကို သိမှာပါ။ ဒါ့အပြင် သင်လည်း ပိုခံစားရပါတယ်။ ဒီတစ်ခေါက်မှာတော့ ကြိုက်မိတိုင်း အရူးအမူး ဖြစ်တတ်တဲ့ သူတွေအတွက် စိတ်ကို ဘယ်လို ပြောင်းလဲနိုင်မလဲ ဖော်ပြပါရစေ။

၁။ သူအကြောင်းကို Social Media မှာ လိုက်မစုံစမ်းပါနဲ့

သူ့ Wall ကို ကြည့်တာများလေ၊ သူ့ပုံတွေနဲ့ ရင်းနှီးဖန် များလေ သင့်စွဲလန်းမှုက ပိုဆိုးလာလေပဲ ဖြစ်မှာပါ။ မမြင်ရရင် မေ့ပျောက်နေတတ်တယ်ဆိုတဲ့ စကားက အမှန်တကယ် ဖြစ်တာမို့ သင့်အနေနဲ့ အရူးအမူးဖြစ်တာကို ရှောင်ချင်ရင် သူ့ Social Media Account ထဲ ဝင်ကြည့်တာကို လျှော့သင့်ပါတယ်။

၂။ ဝါသနာ တစ်ခုထားပါ

သင်က လူတစ်ယောက်အကြောင်းကို မတွေးချင်ရင် ဝါသနာတစ်ခုနဲ့ အစားထိုးသင့်ပါတယ်။ အမြဲ သင့်ကိုယ်သင် အလုပ်များနေအောင် ဖန်တီးထားသင့်ပါတယ်။

၃။ စိတ်ဝင်စားဖို့ ကောင်းတဲ့ စာအုပ်တွေကို ဖတ်ပါ

လေ့လာချက်များအရ ကျွန်မတို့မှာ လုပ်စရာ အလုပ်မရှိတဲ့အခါ တခြားသူတွေ အကြောင်း တွေးမိဖို့ ပိုများစေတယ်လို့ ဆိုထားပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့အရာတွေကို ဖတ်ပေးတာက တခြားအကြောင်းအရာတွေကိုပါ ခေါင်းထဲ ရောက်စေမှာပါ။

၄။ ခဏတဖြုတ် Vacation ထွက်ပါ

အဝေးကြီး မဟုတ်ရင်တောင် ခဏတဖြုတ် သွားလို့ရမယ့် နေရာတစ်ခုကို သင့်မိသားစုနဲ့ သွားသင့်ပါတယ်။ ဒီလို အပြင်ထွက်ပေးတာကြောင့် သင်စွဲလန်းနေတဲ့သူ အကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်စေပါတယ်။

၅။ သူ့ရဲ့ အပြစ်တွေကို မြင်ပေးပါ

လူတိုင်းက ခြောက်ပြစ်ကင်း သဲလဲစင် အပြစ်မကင်းပါဘူး။ လူတိုင်း လိုလိုမှာ သူ့အားနည်းချက်၊ သူ့အပြစ်နဲ့ သူရှိပါတယ်။ သင်က သူ့အကြောင်းကို သိပ်မတွေးချင်ရင် သူလည်း လူပဲ၊ သူ့မှာလည်း သင်မကြိုက်တဲ့ မကောင်းတဲ့အချက်တွေ ရှိမှာပဲ ဆိုတာကို တွေးပေးသင့်ပါတယ်။

၆။ လူအသစ်တွေနဲ့ တွေ့ဆုံပါ

လူသစ်တွေနဲ့ တွေ့တဲ့အခါ သင် အရူးအမူး ဖြစ်နေတဲ့ သူအကြောင်းကို မေ့သွားတတ်ပါတယ်။ သင့်အမြင်လည်း အရင်ထက် ပိုကျယ်လာပါလိမ့်မယ်။

၇။ သင့်သူငယ်ချင်းတွေကို အကူအညီတောင်းပါ

လူတစ်ယောက်အပေါ် စွဲလန်းစိတ်ကို ဖျောက်နိုင်ဖို့ သင့်သူငယ်ချင်းတွေဆီက အကြံတောင်းသင့်ပါတယ်။ သင့်သူငယ်ချင်းတွေက အပြင်လူ ဖြစ်တာမို့ သင် သဘောကျသူ အကြောင်းကို အမှန်အတိုင်း မြင်မှာပါ။ သူတို့ရဲ့ အကြံပေးချက်တွေကို နားထောင်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar